Home စစ်ရေး ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ကို တိုက်ခိုက်ဖို့ NUG ပြင်ဆင်နေဟု ပြော

ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ကို တိုက်ခိုက်ဖို့ NUG ပြင်ဆင်နေဟု ပြော

by Homeland Author

ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို တိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်ဆင့်လျှို့ဝှက်ညွှန်ကြားနေတယ်လို့ မနေ့က ဇန်နဝါရီ ၈ ရက်မှာ BNRA က ထုတ်ပြန်ပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်ဆင့်လျှို့ဝှက်ညွှန်ကြားမှုနဲ့ ခရိုင်ကွပ်ကဲရေးတာဝန်ခံစွမ်းသူမောင်၊ ပုလဲမြို့နယ် ကာလုံတာဝန်ရှိ သစ်ညိမ်းတို့မှ အစည်းအ‌‌ဝေးပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်နေ့မှစ၍ တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတဲ့ သတင်းကို အတိအကျ ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သဘောမတူတဲ့ ရင်းမှူးတွေရှိသော်လည်း “အမိန့်” ဆိုတဲ့ စကားနဲ့ အတင်းအကျပ်စီမံကြောင်းလည်း သိရှိထားကြောင်း၊ NUG အနေနဲ့ အခြားသောအဖွဲ့အစည်းတွေအပေါ် အဲဒီလို ဖိနှိပ်အနိုင်ကျင့်မှုတွေရှိခဲ့တာကိုလည်း ကာယကံရှင်အဖွဲ့အစည်းတွေ နဲ့ ပြည်သူတချို့လည်း မျက်ဝါးထင်ထင်တွေ့ကြုံသိရှိရပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BNRA အဖွဲ့အစည်းအပေါ် မှာလည်း အရင်က နည်းမျိုးစုံနဲ့ တွန်းတိုက်ဖိနှိပ်တာကိုလည်း ပြည်သူအများစု သိရှိကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။

BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက “ပုံဖျက်တာပါဆိုတဲ့ပုဂ္ဂိုလ်များ မင်းတို့ရဲ့အာဏာရူးတွေ ဒီနေ့မနက်စပါပြီ” လို့ ဒီနေ့ မနက်မှာ ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ကလည်း BNRA စခန်းတခုကို NUG ရဲ့ ခရိုင်တပ်ရင်းတွေမှ လက်နက်နဲ့ လာရောက်တိုက်ခိုက်ရေး ဝိုင်းဝန်းပိတ်ဆို့နေစဉ် ၎င်းတို့ဘက်မှ ခရိုင်တပ်ရင်းမှူး နဲ့ စစ်ကြောင်းမှူးတွေအပါအဝင် လူ (၃၀) ခန့် နဲ့ လက်နက်တချို့ကို BNRA တပ်ဖွဲ့မှ အနီးကပ်ဝင်ရောက်ချဉ်းကပ် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့တပ်တွေ ပြန်ဆုတ်သွားဖို့ မိမိတို့ကိုယ်တိုင်သာ ဖိအားပေးဖြေရှင်းခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို အနီးကပ်ဖမ်းဆီးမှုမပြုမီ ကာကွယ်ရေးဝန်ကြီးရုံး နဲ့ ကာကွယ်ရေးဝန်ကြီးထံ တိုက်ရိုက် ရုံးစာ၊ ဖုန်းတို့နဲ့ ဆက်သွယ်၍‌ အဲဒီကိစ္စကို ဖြေရှင်းဖို့ကြိုးစားသော်လည်း လုံးဝခေါင်းရှောင်နေတာကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့ရခြင်းလို့ ပြောပါတယ်။

BNRA ဘက်မှ အရေးသာချိန်မှာ ဖမ်းဆီးခံရဲဘော်တွေကို တစုံတရာမထိခိုက်စေဘဲ ၎င်းတို့တပ်တွေ ဆုတ်သွားပြီး‌နောက် ကျည်တတောင့်၊ သေနတ်တလက်ပင် မချန်ဘဲ ပြန်လည် အပ်နှံ၍ လွှတ်ပေးခဲ့ပြီး လက်နက်ပဋိပက္ခမကြီးစေဖို့ နဲ့ လူထုအထိတ်တလန့်မဖြစ်စေဖို့ BNRA မှ သည်းခံဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုတကြိမ်မှာ တာဝန်ခံမှုမရှိယုံမျှမက အဲဒီကိစ္စဟာ အောက်ခြေပြဿနာလည်း မဟုတ်တဲ့အတွက် အတွင်းမှ ဆက်သွယ်ဖြေရှင်းတော့မှာ မဟုတ်ဘဲ လူထုကို ကြိုတင်အသိပေးထားရင်း သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို သိစေဖို့သာ ရည်ရွယ်ကြောင်း ဆိုပါတယ်။

အဲဒီအစီအစဉ်ကို သက်ဆိုင်ရာလူကြီးတွေက ဆက်လက်ခွင့်ပြုပြီး လုပ်ဆောင်လာမယ်ဆိုပါက NUG အနေဖြင့် BNRA အဖွဲ့အစည်းအပေါ် လုံးဝရန်ဘက်အဖြစ်သတ်မှတ်လိုက်တယ်လို့ မှတ်ယူမှာဖြစ်ပြီး အဆုံးစွန်ထိ ရင်ဆိုင်တုန့်ပြန်သွားမှာဖြစ်ကြောင်း နီးစပ်ရာပြည်သူတွေ သတိထားနေထိုင်ကြဖို့ အသိပေးထုတ်ပြန်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ထုတ်ပြန်ပါတယ်။

related posts

Leave a Comment