စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ပန်ဆောင်မြို့မှာ နာဂလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) က အခြေစိုက်လှုပ်ရှားလာတယ်လို့ သိရပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ပန်ဆောင်ဒေသကို အခြေစိုက်ဖို့ တာဝန်ချထားတဲ့ NSCN-K/AM ရဲ့ တပ်ဖွဲ့တစ်ခုဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ပန်ဆောင်မြို့ကို ရောက်ရှိလာတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပန်ဆောင်မြို့ကို အခြေစိုက်လာတဲ့ နာဂတပ်ဖွဲ့ NSCN-K/AM မှ ခေါင်းဆောင်တွေဟာ မြို့ခံရပ်မိရပ်ဖတွေ၊ ဒေသခံလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပန်ဆောင်မြို့က ပြည်သူလူထုရဲ့ လုံခြုံရေး နဲ့ ဘေးကင်းရေးကို အာမခံပေးဖို့၊ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့၊ ပန်ဆောင်မြို့ နဲ့ အနီးအနားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ NSCN-K/AM အဖွဲ့က ရောက်ရှိလာတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ နာဂနေထိုင်ရာဒေသတွေမှာ ငြိမ်းချမ်းရေး၊ ပြည်သူ့အကျိုးစီးပွား နဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မပြတ်မလျော့ ကတိကဝတ်ပြုထားကြောင်း ထပ်မံ အတည်ပြုဖော်ပြတယ်လို့လည်း NSCN-K/AM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က လဟယ်မြို့ရှိ ဒေသဦးစီးရုံး ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး အဲဒီ ဖောက်ခွဲမှုဟာ နာဂဒေသ ငြိမ်းချမ်းရေးကို ချိုးဖောက်ပြီး ဒေသမတည်ငြိမ်အောင် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) အဖွဲ့က ထုတ်ပြန်ကန့်ကွက်ခဲ့ထားပါတယ်။
နာဂဒေသမှာတော့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ (NSCN-IM)၊ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) နဲ့ နာဂ – PDF တို့ လှုပ်ရှားလျက်ရှိနေပါတယ်။


