Home စစ်ရေး လူ၊ လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် နယ်မြေအချို့မှ ဆုတ်ခဲ့ရဟု မန္တလေး-PDF ပြော

လူ၊ လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် နယ်မြေအချို့မှ ဆုတ်ခဲ့ရဟု မန္တလေး-PDF ပြော

by Homeland Author

တိုက်ပွဲဝင် လူအင်အား နဲ့ လက်နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုတွေကြောင့် နယ်မြေအချို့မှ ခွါစစ်ဆင်ကာ ဆုတ်ခွာပေးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ဒီနေ့ ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ဗျူဟာသဘောအရ စစ်ဦးကျွံနေမှု၊ စစ်တပ်ရဲ့ အဖက်ဖက် သာလွန်အင်အားဖြင့် တန်ပြန်ထိုးစစ်ဆင်လာမှု၊ အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဝင်ရဲဘော်တွေ အနားမရဘဲ စစ်ပန်းလာမှု နဲ့ တိုက်ပွဲဝင်လူအင်အား၊ လက်နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုတွေကြောင့် မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ် နဲ့ သပိတ်ကျင်းမြို့နယ် နယ်မြေအချို့တို့မှ ဆုတ်ခွါပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီဒေသတွေအတွင်း စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ပြင်းထန်နေစဉ်အတွင်း ဒေသခံပြည်သူလူထု ဘေးလွတ်ရာသို့ ရွေ့ပြောင်းတိမ်းရှောင်နိုင်ရေးအတွက် မန္တလေး – PDF အနေနဲ့ တတ်စွမ်းသမျှ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အထွေထွေ သာလွန်အင်အားသုံး တန်ပြန်ထိုးစစ်တွေကြောင့် အဲဒီနယ်မြေတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်သွားတဲ့အတွက် ဒေသခံတွေအပါအဝင် ပြည်သူလူထုကို မိမိတို့ မန္တလေး – PDF က အနူးအညွတ် တောင်းပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို ညီနောင်တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းလက်တွဲကာ ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မန္တလေး – PDF က ပြောပါတယ်။

related posts

Leave a Comment