Home စစ်ရေး လဟယ်ဦးစီးရုံး ဗုံးကွဲမှု နာဂလူမျိုးတို့ရဲ့ မျှော်လင့်ချက်ကို ခြိမ်းခြောက်ခြင်းဟု NSCN-K/AM ပြော

လဟယ်ဦးစီးရုံး ဗုံးကွဲမှု နာဂလူမျိုးတို့ရဲ့ မျှော်လင့်ချက်ကို ခြိမ်းခြောက်ခြင်းဟု NSCN-K/AM ပြော

by Homeland Author

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း နာဂကိုယ်ကိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့က ဒေသဦးစီးရုံး ဗုံးပေါက်ကွဲမှုဟာ နာဂဒေသ ငြိမ်းချမ်းရေးကို ချိုးဖောက်ပြီး ဒေသမတည်ငြိမ်အောင် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) အဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ ဘယ်လုပ်ရပ်မဆို နာဂလူမျိုးတို့ရဲ့ အနာဂတ် နဲ့ မျှော်လင့်ချက်တွေကို တိုက်ရိုက် ခြိမ်းခြောက်နေတာဖြစ်တယ်လို့ NSCN-K /AM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လဟယ်မြို့မှာရှိတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးဝင်းအတွင်းမှာ မနေ့က ဒီဇင်ဘာ၂၀ ရက် ညနေ ၄ နာရီခန့်က ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသဦးစီးအဆောက်အအုံ နဲ့ ဘေးပတ်ဝန်းကျင်က အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီ ဗုံးဖောက်ခွဲမှုကိုတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာလဲဆိုတာ မသိရှိရသေးပါဘူး။

မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသတွေဟာ ဆယ်စုနှစ် ခြောက်ဆယ်ကျော်ကြာ ဆက်လက်ဖြစ်ပွားလာခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် လူထုရဲ့ တည်ငြိမ်မှု နဲ့ လုံခြုံရေးတို့ကို လက်လွတ်ဆုံးရှုံးခဲ့ရကြောင် NSCN-K /AM က ပြောပါတယ်။

NSCN-K /AM ဟာ မြန်မာအစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အတွင်း တရားဝင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ နာဂလူမျိုးတွေအတွက် ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်မှု နဲ့ ကောင်းမွန်တဲ့ အနာဂတ်တစ်ရပ်ကို ရရှိစေဖို့ စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။

“အခုလို လူမဆန်တဲ့၊ တာဝန်မဲ့တဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးဖို့၊ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချိုးဖောက်ဖို့ နဲ့ နာဂဒေသတွေကို ထပ်မံ၍ အရေးပေါ်အခြေအနေတွေ နဲ့ မတည်ငြိမ်မှုအတွင်း ဆွဲချဖို့ ရည်ရွယ်ထားတဲ့ လှုံ့ဆော်မှုတစ်ရပ်ဖြစ်ကြောင်း NSCN-K မှ မြင်မြင်သာသာ သတ်မှတ်ထားပါတယ်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ အားထုတ်မှုတွေကို အန္တရာယ်ပေးတဲ့ အဲဒီတိုက်ခိုက်မှုကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ လုံးဝ ရှုတ်ချပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NSCN-K /AM ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ စိတ်ဝင်စားပတ်သက်သူတွေ နဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီအားလုံးကို ထိန်းသိမ်းနိုင်မှု၊ တာဝန်ယူမှု နဲ့ နိုင်ငံရေးအမြင်အာရုံ ပြည့်စုံစွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသမှာ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းဖို့ အစုလိုက်အပြုံလိုက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ ဘယ်လုပ်ရပ်မဆို နာဂလူမျိုးတို့ရဲ့ အနာဂတ် နဲ့ မျှော်လင့်ချက်တွေကို တိုက်ရိုက် ခြိမ်းခြောက်နေတာဖြစ်တယ်လို့ NSCN-K /AM ရဲ့ ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။

နာဂဒေသမှာတော့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ (NSCN-IM)၊ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) နဲ့ နာဂ – PDF တို့ လှုပ်ရှားလျက်ရှိနေပါတယ်။

related posts

Leave a Comment