ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ကျူးလွန်သူ၊ ကျူးလွန်ဖို့ စေခိုင်းသူ နဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီအချိန်မှာ စစ်တပ်က မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၃၃ ဦးသေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်ခံရခြင်းနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေဖြင့် တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ တရားမျှတမှုရရှိတဲ့အထိ ဆောင်ရွက်သွားမှာဖြစ်သလို ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ဖို့ စေခိုင်းသူ နဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။
AA အနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှ ပြေလည်နိုင်မယ်လို့ နားလည်လက်ခံထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း နိုင်ငံရေးအရ မဖြေရှင်းနိုင်သေးတဲ့ အခြေအနေနဲ့ အဖြေရှာဖို့ လမ်းစမရသေးတဲ့ အခြေအနေအောက်မှာ စစ်ရေးအရ မလွှဲမရှောင်သာ လုပ်ဆောင်နေရပေမယ့် နိုင်ငံတကာဥပဒေအတိုင်း လိုက်နာပြီး အရပ်သားပြည်သူတွေ ထိခိုက်နစ်နာစေမယ့်လုပ်ရပ်တွေကို အတတ်နိုင်ဆုံးရှောင်ရှားလျက်ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ဒေသအပါအဝင် နိုင်ငံအနှံ့မှာ နေ့စဉ်ရက်ဆက် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးကြဖို့ အကူအညီတောင်းခံတယ်လို့ AA က ပြောပါတယ်။
ဒါ့အပြင် အခုလို တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုတို့အတွက် တရားမျှတမှုရရှိစေဖို့နဲ့ ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံကြီးတွေ၊ အိမ်နီးချင်းနိုင်ငံတွေထံ အကူအညီတောင်းခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။