ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ၂ ဦးကို တပ်ဖွဲ့ပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ လက်နက်ဖြုတ်သိမ်း၍ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုဦးဆောင်ကော်မတီဝင် ၂ ဦးဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာစ၍ ၎င်းတို့နှစ်ဦးလုံးကို တပ်ရဲ့ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်းတို့ဖြင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
ကိုမုန်တိုင်း နဲ့ ကိုနိုင်ကြီး တို့ဟာ ကာလတန်ဖိုးကြီးမားတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို တပ်ရဲ့ စည်းမျဉ်းစည်းကမ်း နဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်အတွက် အပြစ်ရှိကြောင်း နဲ့ အဆိုပါ ဘဏ္ဍာပစ္စည်းတွေကို တပ်ထံသို့ အမြန်ဆုံး ပြန်လည်အပ်နှံရမယ်လို့ ဆိုပါတယ်။
အဆိုပါ ပြစ်မှုအတွက် တပ်က ပေးအပ်သည့် ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကို ဩဂုတ်အတွင်းက ၎င်းတို့ကိုယ်တိုင် ပါဝင်တက်ရောက်သော ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းဆုံးဖြတ်ချက်တွေကို စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ တပ်၏ တပ်မှူးတွေ ၆ လပတ် စုံညီအစည်းအဝေးမှာလည်း ထပ်လောင်း အတည်ပြုပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
သို့ဖြစ်သော်လည်း အဆိုပါကာလက တော်လှန်ရေးအခြေအနေအရလည်းကောင်း၊ ၎င်းတို့နှစ်ဦးရဲ့ မေတ္တာရပ်ခံ တင်ပြချက်အရလည်းကောင်း၊ အခြား ထောက်ရှုရမယ့် အခြေအနေတွေအရလည်းကောင်း ပြစ်ဒဏ်တွေကို လက်တွေ့ ချမှတ်ခြင်း မပြုသေးဘဲ ယာယီဆိုင်းငံ့ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ ၂ ဦးဟာ အခုအချိန်အထိ အဆိုပါ ဘဏ္ဍာပစ္စည်းတွေကို တပ်ထံ ပြန်လည်အပ်နှံခြင်း မရှိသလို အဆိုပါ ကိစ္စအတွက် ဘယ်လိုဖြေရှင်းမှု အသိပေးပြောဆိုခြင်း မရှိခဲ့ကြောင်း၊ ဒါကြောင့် အဆိုပါ ပြစ်မှုဟာ တပ်ဖွဲ့တွင်း သာမန် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုအဆင့်ကိုကျော်လွန်ကာ ကြီးမားတဲ့ ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်ဟု ကနဦးအဆင့် ကောက်ချက်ချနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို နိုဝင်ဘာ ၁၅ ရက် မှစတင်ကာ ၎င်းတို့နှစ်ဦးလုံးကို တပ်ရဲ့ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်းတို့ဖြင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
၎င်း တပ်ဖွဲ့ဝင်နှစ်ဦးဟာ တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်နေတဲ့အပြင် ပြစ်မှုရဲ့ သဘောသဘာဝအရ အဆိုပါ အမှုကို သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုဖြင့် ဆောင်ရွက်ဖို့ မသင့်တာကြောင့် အထက်ရုံးဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က အမှုတွဲဖြစ်စဉ်ကို လိုအပ်သလို ဆုံးဖြတ် ဆောင်ရွက်နိုင်ဖို့ သတင်းပို့တင်ပြထားပြီးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။