စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ လုံခြုံရေးအရဟုဆိုကာ ညမထွက်ရ အမိန့်ကို NUG လက်အောက်ခံ ကသာခရိုင် အမှတ် (4) တပ်ရင်း မှ ဒီနေ့ နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ဖော်ဆောင်ခဲ့ပြီး ဒီနေ့အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ဒါကြောင့် နယ်မြေလုံခြုံရေး၊ ကာကွယ်ရေး လိုအပ်ချက်အရ ထုတ်ပြန်တယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ လုံခြုံရေး နဲ့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်ပွားစေဖို့၊ စစ်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ဒီနေ့ နိုဝင်ဘာ ၉ ရက်မှစ၍ ည ၉ နာရီမှ မနက် ၅ နာရီအကြား ညအပြင်ထွက် သွားလာခြင်း မပြုလုပ်ကြဖို့ ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ပေးကြဖို့ နဲ့ လိုက်နာဖို့ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ကသာခရိုင် အမှတ် (4) တပ်ရင်းက ဆိုပါတယ်။
အလားတူ ဗန်းမောက်မြို့နယ်အတွင်း တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အင်တာနက်တွေကို စက်တင်ဘာ ၁၅ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အင်းတော်မြို့နယ်ကနေ ဗန်းမောက်မြို့နယ်ကိုသွားတဲ့ အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က စက်တင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ပိတ်ပင်မှုတွေကြောင့် ဗန်းမောက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူအများအပြားဟာ စားဝတ်နေရေး အခက်အခဲ၊ ကုန်စည်ကူးသန်းမှု ရပ်တန့်ခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်း စတာတွေ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။