Home စစ်ရေး ကျောက်မဲ၊ သီပေါမြို့မှာ စစ်သတင်းပေးဟုဆိုကာ လူ ၁၀ ကျော် TNLA ဖမ်းဆီး

ကျောက်မဲ၊ သီပေါမြို့မှာ စစ်သတင်းပေးဟုဆိုကာ လူ ၁၀ ကျော် TNLA ဖမ်းဆီး

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ နဲ့ သီပေါ်မြို့တို့မှာ သတင်းရယူဖို့ စစ်တပ်မှ စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နဲ့ သတင်းပေး (ဒလန်) ဟုဆိုကာ လူ ၁၀ ဦးကျော်တို့ကို  တအာင်းတပ်ဖွဲ့ (TNLA) ရဲ့ မြို့နယ်ရဲတပ်ဖွဲ့ နဲ့ ဌာနဆိုင်ရာတို့မှ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့အတွင်းရှိ စစ်တပ်မှ TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေအတွင်းရှိ TNLA ရဲ့ ဂိတ်နေရာတွေ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အားတွေ၊ ဌာနဆိုင်ရာအင်အားတွေ၊ တပ်စခန်းနေရာတွေ၊ လူစုလူဝေးများတဲ့ နေရာတွေမှာ သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်သွားပြီးနောက်မှာ ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းရယူခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

အဲဒီနောက် စစ်တပ် လွယ်ကူစွာဝင်ရောက်နိုင်မယ့် လမ်း နဲ့ ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့ဟာ မြို့အတွင်းသို့ လမ်း‌လျှောက်၍ သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့် သော်လည်းကောင်း၊ လိုင်းကားဖြင့် သော်လည်းကောင်း၊ အိမ်ကားသော်လည်းကောင်း၊ သူဌေးယောင်ဆောင်၍ သော်လည်းကောင်း၊ သူတောင်းစားယောင်ဆောင်၍ သော်လည်းကောင်း၊ ခရီးသွားယောင်ဆောင်သော်လည်းကောင်း ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ပြီး သတင်းတွေ ထောက်လှမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့အချင်းချင်း  ဆက်သွယ်မှုပြုလုပ်ရာမှာလည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင် နဲ့ လူရှင်းတဲ့ နေရာတွေမှာ လူချင်းတွေ့ပြီး တစ်ဦး နဲ့ တစ်ဦးသတင်းပေးပြီး စစ်တပ်ထံ အွန်လိုင်းပလက်ဖောင်းဖြစ်တဲ့ Viber/ Facebook/ Wechat/ Telegram တွေနဲ့ သတင်းပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောက်မဲ နဲ့ သီပေါမြို့နယ်မှာ စစ်တပ်မှ စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စဖရ) တွေအပြင် စစ်တပ်ထံ သတင်းပေး (ဒလန်)‌ တွေကိုလည်း ဖမ်းဆီးရမိတယ်လို့ TNLA က ပြောပါတယ်။

စစ်တပ်ဟာ TNLA ထိန်းချုပ်ဒေသအတွင်းရှိ မြို့နယ်တွေမှာ စစ်ဘက်ရေးရာလုံခြုံ‌ရေးများစွာ စေလွှတ်ထားပြီး အဆိုပါ ဖမ်းဆီးရမိသူတွေကိုလည်း လုံခြုံစိတ်ချတဲ့နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါက ဥပဒေ နဲ့ အညီ အရေးယူသွားမယ်လို့ TNLA က ပြောပါတယ်။

လက်ရှိမှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး စစ်တပ် နဲ့ TNLA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

related posts

Leave a Comment