ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့ကို သိမ်းပိုက်ရရှိရေး KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တွေက စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဗန်းမောက်မြို့ အခြေအနေက မနေ့က စပြီး ဟိုဖက်က (KIA/PDF) ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ၊ ဒီနေ့အထိ တိုက်ပွဲ ပြင်းထန်နေတုန်းပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့နယ်အတွင်း KIA/PDF တို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စက်တင်ဘာ ၁၅ ရက်နေ့မှာ စ၍ အင်တာနက် ဝိုင်ဖိုင်ဆိုင်တွေ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပြီး လိုက်နာဆောင်ရွက်ခြင်း မရှိရင် အရေးယူသွားမယ်လို့ ဗန်းမောက်မြို့နယ် ပအဖ မှ ထုတ်ပြန်ထားပါတယ်။
အလားတူ အင်းတော်မြို့နယ်ကနေ ဗန်းမောက်မြို့နယ်ကိုသွားတဲ့ အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း SNA ထိန်းချုပ်ဒေသတွေကို KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တွေက မကြာခဏဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး လက်ရှိမှာ ဗန်းမောက်မြို့သိမ်းပိုက်ရေး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။