Home စစ်ရေး HPDF-124 မှ စိုင်းအောင်နဲ့ ဆက်စပ်သူတွေကို ပကဖ လိုက်လံဖမ်းဆီးနေ၊ သတ်ဖြတ်ခံရသူ တစ်ဦးရှိဟု ပြော

HPDF-124 မှ စိုင်းအောင်နဲ့ ဆက်စပ်သူတွေကို ပကဖ လိုက်လံဖမ်းဆီးနေ၊ သတ်ဖြတ်ခံရသူ တစ်ဦးရှိဟု ပြော

by Homeland Author

ရှမ်းနီ PDF တည်ထောင်မယ့် ကိစ္စကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ HPDF-124 ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းအောင် နဲ့ ဆက်စပ်သူတွေကို ဟုမ္မလင်းမြို့နယ် ပကဖတွေက လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ရှမ်းနီ PDF ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စကြောင့် HPDF-124 တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်တဲ့ စိုင်းအောင် ဆိုသူနဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ဟုမ္မလင်းမြို့နယ် ပကဖ တွေက အင်အားအလုံးအရင်းနဲ့ ဩဂုတ် ၂၇ ရက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း HPDF-124 ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းအောင် နဲ့ ဆက်စပ်သူတွေအပြင် PDF ထဲ ရောက်နေတဲ့ ဟုမ္မလင်းမြို့နယ် မြင်သာသားတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ အဆိုပါ အခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။

၎င်းက “သူ့ကို (စိုင်းအောင်ကို) ဖမ်းဆီးပြီးတဲ့နောက် သူနဲ့ ဆက်စပ်သူတွေကို လိုက်ဖမ်းနေတယ်၊ တချို့က ထွက်ပြေးနေကြတယ်၊ စိုင်းအောင်က မြင်သာသားဖြစ်တယ်၊ အဲဒါကြောင့် PDF ထဲ ရောက်နေတဲ့ မြင်သာသားတွေကို လိုက်ဖမ်းတယ်၊ မြင်သာသားတွေ အများစုက သူ့ကို ယုံကြည်အားထားပြီး လိုက်လာကြတာ၊ အရင်တစ်ခေါက်က ကားကြီးနဲ့ ၃ စီး ဖမ်းခေါ်သွားတာ ရှိတယ်၊ တစ်ယောက် အသတ်ခံရတယ်လို့ ကြားတယ်။ ဖမ်းခံရတာလည်း များတယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် နဲ့ ဖောင်းပြင်နယ်စပ်က နမ့်နန်းစျေးတန်းမှာရှိတဲ့ စိုင်းအောင်ရဲ့ အမျိုးသမီးဖြစ်သူ နေအိမ်ကို ရောက်ရှိနေချိန် NUG ရဲ့ ပကဖ၊ ပအဖ နဲ့ ခန္တီးခရိုင်တပ်ရင်း စုစုပေါင်း အင်အား ၂၀၀ နဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းဆီးရတဲ့ HPDF-124 ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းအောင် နဲ့ တပ်ဖွဲ့ဝင်တွေကို ကချင်ပြည်နယ်ဖက် ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက် ခန္တီးခရိုင် တပ်ရင်း ၃ မှ ထွက်ပြေးတိမ်းရှောင်နေတဲ့ “တပ်ပြေး နဲ့ ခွင့်လွန်” ရဲဘော်တွေ အနေဖြင့် တပ်ရင်းရုံးသို့ လာရောက်အသိပေးဖို့ နဲ့ သတင်းပို့ခြင်း မရှိပါက တပ်ပြေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ HPDF-124 က စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ HPDF-124 မှာတော့ ရှမ်းနီလူငယ်အများစု ပါဝင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း အခြေပြုလှုပ်ရှားကာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment