ခန္တီးခရိုင် တပ်ရင်း ၃ မှ ထွက်ပြေးတိမ်းရှောင်နေတဲ့ “တပ်ပြေး နဲ့ ခွင့်လွန်” ရဲဘော်တွေ အနေဖြင့် တပ်ရင်းရုံးသို့ လာရောက်အသိပေးဖို့ HPDF-124 က ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့ သတိပေးထုတ်ပြန်တဲ့နေမှစ၍ စက်တင်ဘာ ၇ ရက်နေ့အထိ တပ်ရင်းရုံးသို့ လာရောက်သတင်းပို့ခြင်း မရှိပါက တပ်ပြေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
HPDF-124 က “တပ်ပြေးနှင့် ခွင့်လွန်ရဲဘော်များအား သတိပေးစာ ထုတ်ပြန်ခြင်း” အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ခန္တီးခရိုင် အမှတ်(၃) တပ်ရင်း မှ ထွက်ပြေးတိမ်းရှောင်နေသော ”တပ်ပြေးနှင့် ခွင့်လွန်” ရဲဘော်များအာလုံး သိစေရန် ဤသတိပေးစာကို ထုတ်ပြန်လ်ိုက်သည်။ ဤသတိပေးစာ ထုတ်ပြန်သည့်နေ့မှ စ၍ (၇.၉.၂၀၂၅) ရက်နေ့ထိ နောက်ဆုံး တပ်ရင်းရုံးသို့ လာရောက်သတင်းပို့ရန် အသိပေးလိုက်သည်။ သတ်မှတ် ရက်အတွင်းလာရောက်သတင်းပို့ခြင်းမရှိပါက ဖမ်း၀ရမ်းထုတ်ကာ “တပ်ပြေး”ဆိုင်ရာ စည်းမျဥ်း စည်းကမ်း ဥပဒေနှင့်အညီ “ထိရောက်စွာ”အရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တပ်ရင်းမှ နောက်ဆုံးအကြိမ် သတိပေး ထုတ်ပြန်လိုက်သည်” ဟု ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လက်အောက်က တပ်ဖြစ်တဲ့ HPDF-124 ဟာ ၎င်းတို့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်တချို့၊ တပ်သားနဲ့ အရပ်သား ၂၀ ဝန်းကျင်ကို ရှမ်းနီ PDF ဖွဲ့စည်းမယ့် သတင်းတွေကြောင့် ဩဂုတ် ၂၇ ရက်နေ့မှာ ဟုမ္မလင်းမြို့နယ် ပကဖ က ဖမ်းဆီးထားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ရှမ်းနီအသံက ရေးသားဖော်ပြထားပါတယ်။
အဆိုပါ HPDF-124 မှာတော့ ရှမ်းနီလူငယ်အများစု ပါဝင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း အခြေပြုလှုပ်ရှားကာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။