သျှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး နဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ တစ်လအတွင်း လူ ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါ နဲ့ မိုင်းလုံမြို့နယ်တို့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူလူထု ၄၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သံဃာတော် (၆) ပါး၊ သာမဏေ (၆) ပါး အပါအဝင် ပြည်သူလူထု (၅၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၀၈) အိမ်၊ အဆောက်အဦး (၂) ခု၊ စာသင်ကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၁၂) ကျောင်း၊ ကျောင်းဆောင် (၉) ဆောင်၊ ဓမ္မာရုံ (၁) ရုံ၊ ကား (၇) စီး နဲ့ ဆိုင်ကယ် (၃) စီးတို့လည်း ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ ကျောက်မဲမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် (၁) ပါး ပျံလွန်တော်မူသွားခဲ့ပြီး အမျိုးသား (၁) ဦးသေဆုံးခဲ့ကာ သံဃာတော် (၃) ပါး၊ အမျိုးသား (၆) ဦး နဲ့ အမျိုးသမီး (၄) ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် (၄၀) အိမ်၊ အဆောက်အဦး (၁) ခု၊ စာသင် ကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၅) ကျောင်းနဲ့ ကား (၄) စီးတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း ဆိုပါတယ်။
အလားတူ မိုးကုတ်မြို့လည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် (၂) ပါး၊ ကလေးငယ် (၄) ဦး၊ အမျိုးသား (၁၈) ဦး နဲ့ အမျိုးသမီး (၁၇) ဦး သေဆုံးခဲ့ပြီး သံဃာတော် (၁) ပါး၊ အမျိုးသား (၂၀) ဦး နဲ့ အမျိုးသမီး (၄) ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၈) အိမ်၊ အဆောက်အဦး (၁) ခု၊ ဘုန်းကြီးကျောင်း (၆) ကျောင်း၊ ကား (၃) စီး နဲ့ ဆိုင်ကယ် (၃) စီးတို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သီပေါမြို့ကိုလည်း လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး (၂) ဦး နဲ့ အမျိုးသား (၂) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုနေအိမ် (၁၄)အိမ်တို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ် နဲ့ TNLA တို့ ဩဂုတ်လအတွင်း တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကျောက်မဲ၊ သီပေါ အပါအဝင် TNLA ထိန်းချုပ်မြို့နယ်တွေကနေ ဆုတ်ပေးဖို့ စစ်တပ်ရဲ့ တောင်းဆိုမှုကို TNLA က လက်မခံတာကြောင့် သဘောတူညီမှု မရရှိခဲ့ဘဲ လက်ရှိမှာတော့ ကျောက်မဲမြို့နယ်၊ နောင်ပိန်မှာ စစ်တပ်နဲ့ TNLA တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။