တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းမြောက်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်မှ ဇူလိုင် ၁၄ ရက်နေ့အထိ အရပ်သား ၁၃ ဦး သေဆုံးခဲ့ရပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ မိုးကုတ်၊ ကျောက်မဲ နဲ့ နောင်ချိုမြို့နယ်တို့ ၁၀ ရက်အတွင်း လေကြာင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးခဲ့ရသလို ဆေးရုံ ၁ ရုံ၊ ကျောင်း ၂ ကျောင်း၊ ဆိုင် ၅ ဆိုင် နဲ့ အပန်းဖြေစခန်း ၁ခု အပါအဝင် အဆောက်အဦး ၅၆ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၄ ရက်နေ့ ည၁၀နာရီမှာ စစ်တိုက်လေယာဉ်တစ်စီးဟာ သီပေါမြို့ရှိ မြို့လေးရပ်ကွက်နဲ့ တောင်းရပ်ကွက်ကို ဗုံးနှစ်လုံး ကြဲချခဲ့ပြီး ဗုံးတစ်လုံးဟာ ပြည်သူ့ဆေးရုံကို ထိမှန်ခဲ့ကာ နောက်တစ်လုံးဟာ စိုက်ပျိုးရေးရုံးနဲ့ နေအိမ် ၁၀လုံးကျော် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင် ၆ ရက်နေ့ ညသန်းခေါင်ဝန်းကျင်တွင် စစ်ကောင်စီသည် ကျောက်မဲမြို့ရေဦး ရပ်ကွက်ကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။
ဇူလိုင် ၈ ရက်နေ့ မနက် ၉ နာရီမှာ စစ်တပ်ဟာ မိုးကုတ်မြို့၊ ခေါင်းဦးဘာ ရပ်ကွက်ကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး၂လုံးကြဲခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကာ နေအိမ်၁၀လုံးနဲ့ ကိုယ်ပိုင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ မနက် ၉ နာရီမှာတော့ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းနဲ့ ရပ်ကွက် ၁ တို့ကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး၂လုံး ကြဲချခဲ့တာကြောင့် အရပ်သား ၁ ဦး သေ ဆုံးကာ အခြား ၄ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁၀လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၈ ရက်နေ့မှာ စစ်တပ်ဟာ နောင်ချိုမြို့ အရှေ့ တောင်ဖက် ၃ ကီလိုမီတာအကွာရှိ ရွှေပြည်ညွန့်ကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ မိုးကုတ်၊ ကျောက်မဲ နဲ့ နောင်ချိုမြို့နယ်တို့ကို ပြန်လည်ရရှိရေး လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိနေပြီး လက်ရှိမှာ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။





