မိုးညှင်းခရိုင် အင်းတော်ကြီးဒေသက ကျေးရွာနှစ်ရွာကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက် မနက် ၅ နာရီဝန်းကျင်မှာ SNA ကျားဖြူစစ်ကြောင်းမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
SNA တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ ကျေးရွာကတော့ မမုန်ကိုင်ကျေးရွာနဲ့ မိုင်းနောင်ကျေးရွာတွေဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေဟာ ပြန်လည်ဝင်ရောက် နေထိုင်ကြပြီလို့ သိရပါတယ်။
လက်ရှိမှာ မိုးညှင်းဘက်ကနေ ဖားကန့်ဘက် အဝင် မရသေးဘဲ တောင်ပေါ်လမ်းပိတ်ထားကြောင်း၊ ဖားကန့်ဘက်မှ မိုးညှင်းအထွက်ဘက် ထွက်ခွင့်ပြုထားပြီး သွားလာနေမှုတွေ ရှိနေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအချက်အလက်ဖော်ပြချက်တွေအရ သိရပါတယ်။
ရှမ်းနီတိုင်းရင်းသားတွေနေထိုင်ကြတဲ့ မိုင်းနောင်နဲ့ မမုန်ကိုင် ကျေးရွာ ပတ်ဝန်းကျင် အနီးတဝိုက်မှာ ရွှေသတ္ထုတူးဖော်ရေးလုပ်ငန်းတွေ ရှိတာကြောင့် KIA တပ်ဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်ထားပါတယ်။
အဆိုပါ တရားမဝင် ရွှေသတ္ထုတူးဖော်မှုတွေကြောင့် ကမ္ဘာ့အမွေအနှစ် အင်းတော်ကြီးအိုင်အပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ အင်းတော်ကြီးအရှေ့ခြမ်း ဆနွင်းကုန်းမှာလည်း SNA နဲ့ KIA ပူးပေါင်းတပ်တို့အကြား ပြီးခဲ့တဲ့ လပိုင်းအတွင်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
