တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်တပ်က အလုံးစုံပြန်လည် သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က နောင်ချိုမြို့ ပြန်လည်ရရှိရေး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းပစ်ကူတွေနဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “စစ်ရဲ့ သဘောအရ ဟိုဖက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တယ်၊ ဒီဖက်ကလည်း တော်လှန်ရေးအင်အားစုဖက်ကပေါ့ ပြန်ဆုတ်ပေးရတယ်။ ဆုတ်တဲ့အချိန်မှာတော့ အတားအဆီးတွေတော့ လုပ်ခဲ့တာပေါ့” လို့ ပြောပါတယ်။
စစ်ရေးပြင်းထန်ခဲ့တဲ့ သျှမ်းမြောက်ရှိ နောင်ချို – ကျောက်မဲဖက်သွား ဂုတ်တွင်းတံတားဟာလည်း ဇူလိုင် ၁၄ ရက်နေ့က မိုင်းထောင်ဖျက်ဆီးခံရကြောင်း ဒေသခံတွေထံက သိရပါတယ်။
နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်း နဲ့ ကျောက်ကြမ်းကျေးရွာမှာ စစ်တပ် နဲ့ TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်တပ်မှ လက်နက်ကြီး ၁၈၂ လုံး၊ ဒရုန်းနဲ့ ဗုံး ၅၇ လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့ကို ပြန်လည်ရရှိပြီလို့ စစ်တပ်ကို ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြကြပါတယ်။
နောင်ချိုမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တာကြောင့် မိုးကုတ်၊ ကျောက်မဲ၊ သီပေါတို့မှာ ဆက်လက်ပြီး တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


