ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့ဟာ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာ တောင်ဘက်မှာ ရှိတဲ့ SSPP တပ်စခန်းရှိရာကို TNLA က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်ခဲ့တာကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားတယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
TNLA ဘက်ကတော့ မိမိတို့ စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် မိုးဟောက်ကျေးရွာအုပ်စုအတွင်း ရောက်ရှိချိန် SSPP တပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး တစ်လုံးလည်း ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က TNLA တပ်မဟာ (၂) /တပ်မဟာ(၃) / တပ်မဟာ (၉) တို့ စုပေါင်း အင်အား ၂၀၀ ကျော်ဝန်းကျင်ဟာ မိုင်းလုံ – မိုးကုတ်မှ မိုးမိတ်မြို့နယ်အတွင်း SSPP စခန်းတည်ရှိရာ မိုးဟောက် ကျေးရွာဘက်သို့ ဦးတည်ပြီး ထိုးစစ်ဆင် ဝင်ရောက် နေရာချထားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်မှာ SSPP နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
SSPP တပ်စခန်းကို TNLA တပ်ဖွဲ့မှ စစ်ကြောင်း ၃ ခုနဲ့ ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ TNLA ဘက်မှ ၃ ဦးကျဆုံးတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ TNLA နဲ့ SSPP တပ်ဖွဲ့ဟာ မဟာမိတ်တွေဖြစ်သော်လည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို နယ်မြေအငြင်းပွားမှုတွေလည်း ဖြစ်ပေါ်လျက်ရှိနေပါတယ်။
အလားတူ TNLA နဲ့ ကချင်တပ်ဖွဲ့ (KIA) အကြားမှာလည်းကောင်း၊ KIA နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) အကြားမှာလည်းကောင်း၊ SSPP နဲ့ MNDAA အကြားမှာလည်းကောင်း နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။