ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ တအာင်းတပ် (TNLA) စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စုအတွင်း ဒီကနေ့ မနက် ၁၀ နာရီကျော် နဲ့ ၁၂ နာရီဝန်းကျင်မှာ TNLA စစ် ကြောင်းထွက်ကင်းလှည့်နေစဉ် SSPP မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် TNLA စစ်ကြောင်းတည်ရှိရာကိုလည်း လက်နက်ကြီး တစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ SSPP က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်မှာ SSPP နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
SSPP တပ်စခန်းကို TNLA တပ်ဖွဲ့မှ စစ်ကြောင်း ၃ ခုနဲ့ ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ TNLA ဘက်မှ ၃ ဦးကျဆုံးတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ TNLA နဲ့ SSPP တပ်ဖွဲ့ဟာ မဟာမိတ်တွေဖြစ်သော်လည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို နယ်မြေအငြင်းပွားမှုတွေလည်း ဖြစ်ပေါ်လျက်ရှိနေပါတယ်။
အလားတူ TNLA နဲ့ ကချင်တပ်ဖွဲ့ (KIA) အကြားမှာလည်းကောင်း၊ KIA နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) အကြားမှာလည်းကောင်း၊ SSPP နဲ့ MNDAA အကြားမှာလည်းကောင်း နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။
