Home စစ်ရေး BPLA ရဲ့ စစ်သင်တန်းဆင်းပွဲ မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်

BPLA ရဲ့ စစ်သင်တန်းဆင်းပွဲ မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်

by Homeland Author

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ (၇) ရက်နေ့က ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့ပြီး မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အဆိုပါ အခမ်းအနားသို့ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ စစ်ဦးစီးချုပ်နှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုဥက္ကဌ နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မဟာမိတ်ခေါင်းဆောင်တွေဟာ တော်လှန်ရေးအောင်မြင်ဖို့ မတူညီတဲ့ အင်အားစုတွေအကြား ညီညွတ်ရေးလိုအပ်ကြောင်း နဲ့ မိမိတို့ ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မှာဖြစ်ကြောင်း အဓိကထားပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

အခြေခံစစ်သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူတွေဟာ လက်ဖြောင့်ဆု ရရှိသွားတဲ့ စစ်မေသည် ၁၀၂၇ စစ်ဆင်ရေးမှာ မြင့်မြတ်စွာအသက်ပေးခဲ့တဲ့ အာဇာနည်ရဲဘော်အောင်ပိုင်ရဲ့ ညီမဖြစ်ကြောင်း အမှတ် (၂၀၃) စစ်ဒေသ၊ ဗျူဟာမှူးက သင်တန်းဆင်းပွဲအစီရင်ခံချက်မှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သင်တန်းဆင်းရဲဘော်တွေကို လက်နက်တွေပေးအပ်တပ်ဆင်ခဲ့ပြီး အမှတ် (၂၀၃) စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုလည်း တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment