ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဖမ်းဆီးထားတဲ့ ပြည်သူ ၁၂ ဦး နဲ့ KIA လက်အောက်ခံ PDF တစ်ဦး ထောင်ဖောက်ပြီး ဝါရာဇွပ်ပြည်သူ့စစ်ထံ ပူးပေါင်းခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ ထောင်ဖောက်ပြေးခဲ့တဲ့သူတွေဟာ လက်နက်တွေနဲ့ လာရောက်ပူးပေါင်းခဲ့ကြောင်း၊ လမ်းတစ်လျှောက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရာဇွပ်ပြည်သူ့စစ်က “မိမိတို့ စည်းရုံးရေးနယ်မြေအတွင်းမှ ပြည်သူလူထုများအား ဒလန်ဟု ခေါင်းစဥ်တပ်ကာ KIA အကြမ်းဖက်သမားများမှဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ပြည်သူလူထု ၁၂ ဦး နှင့် KIA/PDF တပ်ဖွဲ့ဝင်တဦးတို့သည် kia အချုပ်ထောင်ဖောက်ကာ မိမိတို့ တပ်ဖွဲ့ထံသို့လက်နက်များဖြင့် လာယောက်ပူးပေါင်းခဲ့ပြီး လမ်းတလျှောက် KIA အကြမ်းဖက်သမားများနှင့်ရွံ့ရွံချွံချွံ ထိတွေ့တိုက်ပွဲများ ဆင်နွဲခဲ့သဖြင့် မိမိတို့တပ်ဖွဲ့မှ ဆုကြေးငွေများ ပေးအပ်ခဲ့ပါသည်” ဟု ထုတ်ပြန်ထားပါတယ်။
တနိုင်း – မြစ်ကြီးနားလမ်း လဝါးကျေးရွာ နဲ့ ခွန်ဆိုင်ယန်ကျေးရွာတွေမှာ အခြေပြုကာဂိတ် နဲ့ ကာကင်းစခန်းတွေ ဆောက်လုပ်တပ်စွဲထားတဲ့ KIA တပ်ဖွဲ့ နဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
တနိုင်းလမ်း လီဒိုလမ်းမပေါ်မှာ KIA နဲ့ စစ်တပ်၊ ဝါရာဇွပ် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။
တဖက်မှာလည်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ဗန်းမော်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။