မိုးညှင်းခရိုင် အင်းတော်ကြီးဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အင်းတော်ကြီးဒေသလုံးဆိုင်ရာရှမ်းနီရိုးရာစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စိုင်းစိန်လွင်ဦးနဲ့ ကုန်းမနရွာသားတွေဟာ ပြန်လွှတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကုန်းမနရွာ စိုင်းစိန်လွင်ဦး နေအိမ်ကို KIA တပ်ဖွဲ့တွေက ကျူးကျော်ဝင်ရောက်ပြီး စိုင်းစိန်လွင်ဦးအပါအဝင် ရွာသွားအချို့ကို KIA က ကြိုးတုပ်ဖမ်းဆီးသွားပြီး KIA ရင်း ၂၆ ဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာဖမ်းဆီးတာဖြစ်ကြောင်း ဖမ်းဆီးခံရသူအချို့ဟာ အပြင်းအထန် ရိုက်နှက်စစ်ဆေးခြင်း ခံထားရတယ်လို့ ဆိုပါတယ်။
စိုင်းစိန်လွင်ဦးဟာ အင်းတော်ကြီးဒေသမှာ ဒေသတိုးတက်ရေး၊ ရှမ်းနီအမျိုးသားရေးတွေမှာ ဦးဆောင်နေသူတယောက်ဖြစ်ပြီး ရှမ်းနီ နဲ့ ကချင် မျိုးနွှယ်တွေ ပဋိပက္ခမဖြစ်ပေါ်ရေး စေ့စပ်ညှိနှိုင်းရေးကော်မတီမှာလည်း ပါဝင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
KIA ရှမ်းနီလူထုကို လက်နက်ဖြင့် အကြောက်တရားဝင်အောင် အရင်ကတည်းက လုပ်ဆောင်နေခဲ့ကြောင်း၊ အဆိုပါ ကိစ္စရပ်တွေဟာ ဌာနေသားအချင်းချင်း မဖြစ်သင့်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
KIA ဟာ ရှမ်းနီတိုင်းရင်းသားတွေကို အဓမ္မတပ်သားသစ်စုဆောင်းတာ၊ ဖမ်းဆီး ရိုက်နှက်တာ၊ သတ်ဖြတ်တာ၊ အဆမတန် ဆက်ကြေးကောက်တာတွေကို အစဉ်အဆက် လုပ်ဆောင်နေပြီး ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။