စစ်တပ်က အင်အားအလုံးအရင်းနဲ့ လုံးခင်း၊ ဖားကန့်ဆက် ဝင်ရောက်သွားချိန် တိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်၍ တိုက်ပွဲရှောင်သွားသူတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တပ်သားသစ် စုဆောင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဖားကန့်စစ်ရှောင်တွေဟာ အင်တော်ကြီးမှတဆင့် အခြားဒေသသို့ တိမ်းရှောင်စဉ် ညောင်ပင်ကျေးရွာအနီး KIA နဲ့ KPDF တွေက စောင့်ဆိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟိုတလောက စစ်တပ်နဲ့ ပြည်သူ့စစ်တွေ လုံးခင်း၊ ဖားကန့်ဖက် စစ်ကြောင်း ဝင်သွားလိုက်တယ်၊ အဲဒီမှာ တိုက်ပွဲဖြစ်တော့မှာဆိုပြီး တော်တော်များများက အင်းတော်ကြီးဖက်ကနေ စစ်ရှောင်လာကြတယ်။ KIA နဲ့ KPDF တွေက အင်းတော်ကြီး ညောင်ပင်ရွာမှာ စောင့်နေပြီး ပေါ်တာ ဆွဲတာ၊ ကားအကြီးနဲ့ ၇ စီး လောက်ပါသွားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှ စတင်ပြီး စစ်တပ်၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ကာမိုင်း – နန့်ယား – ဖားကန့်လမ်းမှတဆင့် လုံးခင်း၊ ဖားကန့်သို့ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် လက်ရှိမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
KIA နဲ့ KPDF တို့ တပ်သားသစ် စုဆောင်းမှုမှာ ရှမ်း၊ ရှမ်းနီ၊ ဗမာ သာမက အခြားသော လူမျိုးစုတွေလည်း ပါဝင်ပြီး လူဦးရေ ၂၀၀ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ အစောပိုင်းကတည်းက အင်းတော်ကြီးဒေသမှာ KIA က အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ လူ အယောက် ၃၀၀ ကျော်ပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အင်းတော်ကြီး အရှေ့ကမ်း ဟဲပု၊ ဟဲပါး၊ လုံးစန့်၊ နမ့်မောက်ကန်၊ ရွာသစ်ကျေးရွာက ဒေသခံတွေဟာ အခင်းတွေမှာ ပဲသိမ်းချိန် ဒေသခံ ရှမ်းနီလူမျိုး အများစု တပ်သားသစ် စုဆောင်းခံသွားရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းက အင်းတော်ကြီး ဒေသ ဟဲပု၊ ဟဲပါးအုပ်စုအတွင်းရှိ ရှမ်းနီလူငယ်တွေကို KIA/PDF တွေက နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့သလို မိုင်းနောင်မှာ ဖမ်းဆီးသွားတဲ့ ဒေသခံ ၅၀ ခန့် တုံပေရွာမှာ တစ်ယောက် ၁၅ သိန်းနဲ့ ပြန်ရွေးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အင်းတော်ကြီးဒေသမှာ KIA တပ်မဟာ (၉) က လှုပ်ရှားနေပြီး မကြာခဏ ရှမ်းနီလူငယ်တွေ ဖမ်းဆီးမှု ပြုလုပ်နေသလို ရှင်ဗွေယန်နဲ့ တနိုင်းက နာဂလူငယ်တွေကိုလည်း KIA/PDF တွေက ဖမ်းဆီးမှု ပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။