Home စစ်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ အပစ်ရပ်သက်တမ်းတိုး

ညီနောင်မဟာမိတ်သုံးဖွဲ့ အပစ်ရပ်သက်တမ်းတိုး

by Homeland Author

ငလျင်နောက်ဆက်တွဲ လုပ်ငန်းတွေနဲ့ဆက်စပ်ပြီး တိုက်တာအဆောက်အအုံတွေ ရှင်းလင်းရေးနဲ့ လူသားချင်းစာနာထောက်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းတိုးတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကအင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ် အပါအဝင် နေရာအနှံ့အပြားတို့မှာ လူသေဆုံးမှု၊ နေအိမ်အဆောက်အအုံပျက်စီးမှု၊ လမ်းတံတား ပျက်စီးမှု၊ သာသနိက အဆောက်အအုံတွေ ပျက်စီးမှု နဲ့ သမိုင်းဝင် အမွေအနှစ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်စဲမှု ထုတ်ပြန်ချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ၂၀၂၅ ခုနှစ်၊ ဧပြီလ နဲ့ မေလ ၂ လကြာ တစ်ဖက်သတ် အပစ်အရပ်ကြောင်း ကြေညာခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုတွေကို ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ၂ လတာ ကြာသည့်တိုင်အောင် ရှင်းလင်းဖယ်ရှား‌ရေး လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှု မရှိတဲ့အပြင် မိုးသည်းထန်စွာရွာသွန်း၍ အဆောက်အအုံတွေ ထပ်မံပြိုကျ ပျက်စီးမှုတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ငလျင်နောက်ဆက်တွဲ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အချိန်လိုအပ်နေတာကြောင့် ဇွန်လ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ အပစ်ရပ်ကာလကို ထပ်မံ၍ သက်တမ်းတိုးလိုက်တယ်လို့ ဆိုပါတယ်။

အပစ်ရပ်ကြေညာလိုက်တဲ့အချိန်မှစ၍ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ တုံ့ပြန်မှုမျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကောင်စီကလည်း အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာ ဖော်ဆောင်နိုင်ရေးတို့အတွက် ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအဖြစ် ထပ်မံတိုးမြင့်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment