ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု အနီး နားလိုင်ရွာဝန်းကျင်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားပြီး MNDAA ဘက်မှ ၈ ဦး သေဆုံးတယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇွန် ၁ ရက် ၁ နာရီချိန်မှ ၂ နာရီခွဲအချိန် နားလိုင်ကျေးရွာအနောက်ဘက် ရွာအထွက်လမ်းကို SSPP စစ်ကြောင်းထွက်နေချိန် MNDAA တပ်မ အမှတ် (၆၁၁) လက်အောက်ခံ ခြုံခိုဝင်ရောက်တိုက်ခိုက်လို့ နှစ်ဖွဲ့စလုံးအပြန်လှန် တိုက်ပွဲဖြစ်ပွားပြီး ကိုးကန့်ဘက်မှာ တပ်သား ၈ ဦးကျဆုံးပြီး၊ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း နှစ်ဖက်တပ်ဖွဲ့ကြား အင်အားဖြည့်နေကြပြီး ဟန်နားအုပ်စုဒေသမှာ MNDAA ဘက်မှာ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ SSPP တပ်ဖွဲ့လည်း တပ်ရင်း ၂ ရင်းလောက် သွားလာလှုပ်ရှားနေတယ်လို့ ဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် MNDAA က ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲငြိမ်ထားနေပေမယ့် တပ်ဖွဲ့နှစ်ဖွဲ့ အင်းအားတွေ ထပ်ဖြည့်နေလို့ တိုက်ပွဲဆက်လက်ဖြစ်ပွားမှာကို ဒေသခံတွေကစိုးရိမ်နေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာက ဒေသခံတွေဟာ ဘေးကင်းရာ ထွက်ပြေးသိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
