Home ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် စစ်ကောင်စီက အပစ်ရပ် ၁ လထပ်တိုး

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် စစ်ကောင်စီက အပစ်ရပ် ၁ လထပ်တိုး

by Homeland Author

ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုကို ရှေ့ရှုပြီး အပစ်ရပ်ကာလ ၁ လ ထပ်တိုးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာ ဖော်ဆောင်နိုင်ရေးတို့အတွက် ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအဖြစ် ထပ်မံတိုးမြင့်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မေလ ၆ ရက်မှ ၃၁ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအတွင်း အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အများပြည်သူသွားလာအသုံးပြုလျက်ရှိတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို နှောင့်ယှက်တိုက်ခိုက်တာ၊ ထိခိုက်ပျက်စီးစေတာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေတာ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းကို တိုက်ခိုက်တာ၊ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေကို မပြုဖို့နဲ့ အခုလို ဆောင်ရွက်လာပါက စစ်ကောင်စီအနေနဲ့ တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment