ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က စစ်ကောင်စီနည်းတူ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ သျှမ်းကျောင်းသားများသမဂ္ဂမှ မေလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
TNLA၊ MNDAA တို့ဟာ သျှမ်းမြောက်ဒေသမှာလည်းကောင်း KIA ဟာ ကချင်ပြည်နယ်သျှမ်းဒေသတွေနဲ့ စစ်ကိုင်းအထက်ပိုင်းရှိ သျှမ်းတိုင်းရင်းသားတွေအပေါ် ရာဇဝတ်မှုတွေကို ဒီကနေ့အထိ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်လာရ၍ စွန့်ခွာခဲ့ရတဲ့ လူထုနေအိမ်တွေကို ဖောက်ထွင်းတာ၊ ဖျက်စီးတာ၊ အဓမ္မသိမ်းယူတာ၊ လူနေကျေးရွာတွေနဲ့ လူနေအိမ်တွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ သာသနိကအဆောက်အအုံတွေမှာ ခိုအောင်းနေထိုင်တာ၊ အခြေပြုစခန်းတည်ဆောက်တာ၊ ဒေသခံလူထုတွေအပေါ် အတင်းအဓမ္မ စစ်သားကောက်ခံတာ၊ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကို နိုင်ထက်စီးနင်းယူငင်သုံးစွဲတာ၊ မတရားအမိန့်တွေနဲ့ လူထုကို ကန့်သတ်ဖိနှိပ်တာ၊ မတရားဖမ်းစီးခေါ်ဆောင်သွားတာ၊ ဥပဒေမဲ့စွာ ဖမ်းစီးရိုက်နှက်တာ၊ အခွန်ဟုဆိုကာ မတရားငွေညစ်ကောက်ခံတာ စတဲ့ မတရားလုပ်ရပ်တွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယနေ့ချိန်ထိ စစ်ကောင်စီမှ နိုင်ငံတစ်ဝန်း ပြည်သူလူထုတွေအပေါ် မတရားဖမ်းဆီးသတ်ဖြတ်တာ၊ လူသားတံတိုင်းပြုလုပ်တာ၊ ပြည်သူပိုင် နေအိမ်တွေ ဖျက်စီးတာ၊ ပြည်သူလူထုစုဝေးရာနေရာမှာ ဗုံးကြဲတာ စတဲ့နည်းမျိုးစုံသုံး၍ အကြမ်းဖက်လမ်းစဉ် ကျင့်သုံးနေတာကို လက်ခံ၍မရသော ရှက်ရွံ့ဖွယ်ရာ လုပ်ရပ်တွေလို့ ဆိုပါတယ်။

ထိုနည်းတူ အချို့သော လက်နက်ကိုင်တပ်တွေဟာလည်း စစ်ကောင်စီရဲ့ ညှင်းပန်းဖိနှိပ်မှု ဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုတွေအပေါ် ထပ်ဆင့်၍ ဆိုးယုတ်သောလုပ်ရပ်တွေ ပြုကျင့်လျက် ရှိနေတယ်လို့ သျှမ်းကျောင်းသားများသမဂ္ဂက ဆိုပါတယ်။
နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ ချိုခမ်းကျောင်းတိုက်မှာ TNLA မှ ပြည်သူတွေ မနေနိုင်အောင် ပြုလုပ်တာ၊ ပြည်သူတွေစွန့်ခွာသွားတဲ့နောက် ကျောင်းတိုက်အတွင်း ဝင်နေတာ၊ ကျောင်းပိုင်ပစ္စည်းတွေ ခိုးယူတာတွေ လုပ်ဆောင်ဆောင်တယ်လို့ ဆိုပါတယ်။
ကျောင်းတိုက်မှာ နေစဉ်အတွင်း ပြည်သူတစ်ဦးဟာ စနိုက်ဘာနဲ့ ဘယ်ဖက်က ပစ်ခတ်လိုက်ခြင်းမသိပဲ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။
KIA၊ TNLA နဲ့ MNDAA တို့ဟာ လူ့အခွင့်အရေးများချိုးဖောက်နေရုံသာမက စစ်ရာဇဝတ်မှုကျူးလွန်နေ ခြင်းဖြစ်ပြီး တိုင်းရင်းသား EAOs တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ပြည်သူလူထု တစ်ရပ်လုံးဟာ စစ်ကောင်စီရဲ့ အဖွဲ့အစည်းကို တော်လှန်ခြင်းမဟုတ်ပဲ စစ်ကောင်စီရဲ့ ယုတ်မာမှု၊ အကြမ်းဖက်မှု၊ နိုင်ထက်စီးနင်းဖိနှိပ်မှု၊ မတရားမှုတို့ကို တော်လှန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်နည်းတူ ပြည်သူအတွက်တော်လှန်တယ်လို့ သံန္နိဌာန်ပြုထားတဲ့ လက်နက် ကိုင်အဖွဲ့တွေဟာ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေကို ပြုလုပ်လာတာဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ သျှမ်းကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တော်လှန်ရေးလက်နက်ကိုင်တပ်တွေဟာလည်း မိမိတို့ရဲ့ တော်လှန်ရေး အမြုတေမူဝါဒတွေနဲ့ သုံးသပ်ပြီး ထိုမတရားလုပ်ရပ်တွေကို ရပ်တန်းမှ ရပ်သင့်ကြောင်း တော်လှန်ရေးကို အားပေးထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တွေရဲ့ ချိုးဖောက်ကျူးလွန်မှုကိုကို ဆိတ်ဆိတ် မနေပဲ ထောက်ပြတားဆီးပြီး ထိန်းကြောင်းဖို့ တာဝန်အပြည့်ရှိတယ်လို့ ဆိုပါတယ်။