မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပေါင်းစည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်- Ramonmya Mon Army (RMA)” ကို ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တပ်ဖွဲ့နှစ်ဖွဲ့ပေါင်းစည်းရေးကို NMSP-AD နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ နဲ့ MLA ဦးဆောင်အဖွဲ့တို့ပါဝင်တဲ့ NMSP-AD နိုင်ငံရေစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
အဆိုပါ (NMSP-AD) နိုင်ငံရေး စစ်ရေးကော်မတီ ဦးဆောင်မှုနဲ့ “ရာမညမွန်တပ်တော် RMA” ရဲ့ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေကို အကောင်ထည်ဖော်ဖို့ အဖွဲ့ဝင် ၇ ဦးပါတဲ့ စစ်ကော်မတီကို ဖွဲ့စည်းထားပြီး စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှုးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှုးကြီးစိုးဝင်းနဲ့ ဒုစစ်ဦးစီးချုပ် (၂) အဖြစ် ဗိုလ်မှုးကြီးကျည်ဆံတို့ကို ခန့်အပ်တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းအတွက် တိုင်းရင်းသား တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူ ပူပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။