တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ နဲ့ မိုင်းငေါ့မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မေလ ၁၂ ရက် ည ၁၂း၄၅ နာရီအချိန် မန်တုံမြို့ရှိ အောင်ချမ်းသာရပ်ကွက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ၎င်းရပ်ကွက်ရှိ နေအိမ် ၁၁ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုင်းငေါ့မြို့ရှိ တာလုံရပ်ကွက် စာသင်ကျောင်းအနီးမှာ ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အလားတူ မေလ ၁၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက် လက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နေရာတွေမှာ ထိုးစစ်တွေကို ပြုလုပ်မှာ မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁) လ ထပ်တိုးသော်လည်း TNLA ထိန်းချုပ်ဒေသမှာ မြေပြင်ထိုးစစ်ဆင်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိနေတယ်လို့ TNLA က ဆိုပါတယ်။