ပအိုဝ်းအမျိုးသားတပ်မတော် (PNA/PNO) ဟာ ရုရှားသင်တန်းနည်းပြဆရာတွေ ငှားရမ်းပြီး မေလ ၁ ရက်နေ့မှာ စစ်ရေးအထူးကွန်မန်ဒိုသင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ PNA/PNO တပ်ရင်း(၄)၊ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့ပြီး သင်တန်းကာလ (၅)လ နီးပါးကြာမြင့်ပြီး အထူးကွန်မန်ဒိုသင်တန်းသား ၁၅၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ရေးအထူးကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ PNA/PNO စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်မြင့်အောင်တို့ မိန့်ခွန်းပြောကြားခဲ့ပြီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပအိုဝ်းဒေသမှာ PNO/PNA နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။
ပအိုဝ်းအမျိုးသားတပ်မတော် (PNA/PNO) ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ပြည်သူ့စစ်အသွင်ဖွဲ့စည်းပြီး စစ်တပ်နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။







