Home စစ်ရေး MNDAA နဲ့ စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းသွားမယ်လို့ SSPP ပြော

MNDAA နဲ့ စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းသွားမယ်လို့ SSPP ပြော

by Homeland Author

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေကို ဖြေရှင်းသွားမယ်လို့ SSPP က ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၈၊ ၂၉ ရက်နေ့အတွင်း SSPP နဲ့ MNDAA တို့ စစ်ရေးထိတွေ့မှု ၈ နေရာ၊ နှစ်ဖက်တပ်တွေ ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နက်ဖမ်းဆီးမှု ၂၄ နေရာရှိခဲ့ပြီး နှစ်ဖက်ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

SSPP က “နှစ်ဖက်စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုနဲ့ ပတ်သက်၍ နှစ်ပါတီဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားကြမှာ ဖြစ်ကြောင်း မိဘပြည်သူတွေကို သိရှိနိုင်ဖို့ သတင်းထုတ်ပြန်ပါတယ်”လို့ ဆိုပါတယ်။

SSPP နဲ့ MNDAA တို့ဟာ လက်တွဲတော်လှန်ရေးအဖွဲ့အစည်းတွေအဖြစ် နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီ အေးအတူပူအမျှ အမှီသဟဲ ကူညီရိုင်းပင်းရပ်တည်လာခဲ့တဲ့ မဟာမိတ် အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှစ၍ SSPP အုပ်ချုပ်ရေး နယ်မြေအတွင်းသို့ ဝင်ရောက်ဖြတ်သန်းခဲ့ကြတဲ့ MNDAA အောက်‌ခြေတပ်ဖွဲ့တွေနဲ့ SSPP အောက်ခြေတပ်တွေ ဘာသာစကားပေါက်ကြားမှု အားနည်းတာ၊ SSPP နယ်မြေအတွင်း MNDAA တပ်ဖွဲ့တွေ နှစ်ဖက်အောက်ခြေတပ်တွေ မကျေမချမ်းမှုမှ စတင်ကာ ၂၀၂၅ ခုနှစ် ဧပြီ ၂၈-၂၉ ရက်နေ့တွေမှာ ထိပ်တိုက်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။

SSPP နဲ့ MNDAA တို့ဟာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းအကြား နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေး ယန္တယားအားပြိုင်မှုများ ဖြစ်ပွားလျက်ရှိနေပါတယ်။

related posts

Leave a Comment