Home စစ်ရေး အာရက္ခတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် လက်ထဲ မကြာမီ ရောက်ရှိတော့မယ်လို့ ဆို

အာရက္ခတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် လက်ထဲ မကြာမီ ရောက်ရှိတော့မယ်လို့ ဆို

by Homeland Author

အာရက္ခတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ ရခိုင်သားတို့ရဲ့ လက်ထဲသို့ မကြာမီအချိန်မှာ မုချမသွေ ရောက်ရှိတော့မှာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့က ဆိုပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ၁၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပြီး မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ အခက်အခဲပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညာစွာ အတူတကွ ဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိတဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်ဖြင့် စည်းလုံးညီညွတ်ကြပါမယ်လို့ အလေးအနက် ကတိပြုကြောင်း ဆိုပါတယ်။

အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးရှည်ကြီးကို ရခိုင်လူမျိုးတို့အတွက် အာရက္ခအိမ်မက်ကို မရပ်မနားကြိုးပမ်း အကောင်အထည်ဖော်ကြတဲ့ အာရက္ခအာဇာနည်ရဲဘော်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ နည်းလမ်းပေါင်းစုံ ပေးဆပ်ပါဝင်ကြတဲ့ ရခိုင်လူမျိုး အားလုံးကို လေးစားဂုဏ်ယူတယ်လို့ ဆိုပါတယ်။

မြန်မာ့စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ပြီး မြန်မာပြည်သူလူထုနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်တစ်ခုကို ထူထောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တော်လှန်ရေး နယ်မြေဒေသ အသီးသီးမှာ တော်လှန်တဲ့ အာရက္ခတပ်တော်ကြီးရဲ့ တပ်ဖွဲ့ဝင်တွေ တည်ရှိကာ တော်လှန်ရေးအလုပ်တွေကို လက်တွေ့ကျကျ အရှိန်အဟုန်မြင့် ဖော်ဆောင်နေသည်မှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဖွယ် ဖြစ်တယ်လို့ ဆိုပါတယ်။

မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ကမကထပြု၍ အခြားမဟာမိတ်တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အကောင်အထည်ဖော်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေးရဲ့ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးအစပြု စစ်ဆင်ရေးဖြစ်လာခဲ့ပြီး တော်လှန်ပြည်သူအားလုံးရဲ့ ထောက်ခံမှုနဲ့အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ့် ခြေလှမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့ဟာ အာရက္ခတပ်တော် (AA) ဖွဲ့စည်းတည်ထောင်ခြင်း ၁၆ နှစ်ပြည့်ဖြစ်ပြီး လက်ရှိမှာ အာရက္ခတပ်တော်က ရခိုင် နဲ့ ချင်းပြည်နယ်အတွင်းက မြို့အများအပြားကို သိမ်းပိုက်ရရှိထားပါတယ်။

related posts

Leave a Comment