တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်မှ စက်လတ်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန်ပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယာဉ်တန်းတွေကို တားဆီးခဲ့ကြောင်း၊ တားဆီး၍ မရတဲ့အတွက် မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ဖောက်ခဲ့တာလို့ ထုတ်ပြန်ပြောဆိုပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဧပြီလ ၁ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ နောင်ချိုဖက်ကနေပြီး ယဉ်တန်းပေါ့၊ ၉ စီးလောက် ပါတယ်လို့ ပြောပါတယ်။ လာတာကို တွေ့ရပါတယ်။ အုမ္မတီးရွာနားမှာ တပ်မတော် လုံခြုံရေး အဖွဲ့ရှိပါတယ်။ တပ်မတော်လုံခြုံရေး အဖွဲ့အနေနဲ့ ဒီယာဉ်တန်းကို တွေ့တဲ့အခါမှာ တားဆီးပါတယ်။ တားဆီးလို့မရပါဘူး။ ၂၀၀ လောက်အကွာမှပဲ မီးထိုးပြီး တားဆီးတယ်၊ တားဆီးလို့ မရပါဘူး။ မီတာ ၁၀၀ လောက် အကွာမှာတော့ မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးကို TNLA မှ ကာကွယ်စောင့်ရှောက်ပေးထားပြီး ၎င်းတို့ လိုရာခရီးကို ဆက်လက် ပို့ဆောင်သွားမယ်လို့ TNLA က ဆိုပါတယ်။