မြန်မာတစ်ဝှမ်းလုံးရှိ တော်လှန်ရေး အင်အားစုတွေနဲ့ ဟန်ချက်ညီ လက်တွဲပူးပေါင်းက နစက မြန်မာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းသွားမယ်လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ နွေဦးတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စုပေါင်းတော်လှန်မှုကြောင့် စစ်အုပ်စုဟာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အကြီးအကျယ်စစ်ရှုံးနေတဲ့ နစက စစ်ကောင်စီဟာ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေး၊ လူနေအိမ်တွေကို ဦးတည်ပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပါတယ်။
TNLA ဟာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ – TPCC ဦးဆောင်ရေးဆွဲထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အခြေခံပြီး တော်လှန်ရေးကာလအစိုးရ အစီအမံကို အတည်ပြုကာ ပြည်သူ့အစိုးရတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA-AA-MNDAA တို့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က မြို့အများအပြားကို TNLA က သိမ်းပိုက်ထားပါတယ်။
အဲဒီနောက် TNLA က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလို့ဖို့ ထုတ်ပြန်ကြေညာထားပါတယ်။