Home စစ်ရေး CNF နဲ့ PDA တို့ တီးတိန်မြို့ကို ကျူးကျော်လာပါက တိုက်ထုတ်မယ်လို့ ဇိုမီးတပ်ဖွဲ့ ပြော

CNF နဲ့ PDA တို့ တီးတိန်မြို့ကို ကျူးကျော်လာပါက တိုက်ထုတ်မယ်လို့ ဇိုမီးတပ်ဖွဲ့ ပြော

by Homeland Author

ချင်းပြည်နယ်၊ တီးတိန်မြို့ကို ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် People Defence Army (PDA) တို့ ကျူးကျော်ဝင်ရောက်လာပါက တိုက်ထုတ်သွားမယ်လို့ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZFU/PDF/Zoland) က မနေ့က ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ်ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ကာကွယ်ရေးတပ်ဖြစ်တဲ့ ချင်းညီနောင် (CB) ဟာ ဇိုမီးလူမျိုးတွေရဲ့ မြို့တော်ဖြစ်တဲ့ တီးတိန်မြို့မှ မြန်မာ စစ်ကောင်စီကို တိုက်ထုတ်ပြီး လွတ်မြောက်နယ်မြေ ဖော်ဆောင်ဖို့ အစီအစဉ်တွေ ချမှတ်ထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခြားတစ်ဖက်မှာလည်း တီးတိန်မြို့သိမ်းတိုက်ပွဲကို တီးတိန်မြို့နယ်ကောင်စီရဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ PDA-Tedim က မဟာမိတ်တပ်တွေနဲ့အတူ ဖော်ဆောင်မှာဖြစ်ပြီး တီးတိန်မြို့နယ်အတွင်း ပြည်သူလူထုတွေ အချိန်မီပြင်ဆင်နိုင်ဖို့ အသိပေးတယ်လို့ PDA-Tedim မှ မနေ့က ဇန်နဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ CNF/CNA နဲ့ ၎င်းတို့ မဟာမိတ်တွေက တီးတိန်မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာဟာ ပြည်သူလူထုရဲ့ အကျိုးကို ရှေ့ရှုခြင်း တစ်စုံတစ်ရာ မပါဘဲ မိမိတို့မြေပေါ်မှ အမြတ်ထုတ်လိုမှုနဲ့ နိုင်ငံရေးလက်ဦးမှု ရယူလိုခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တီးတိန်မြေကို မြန်မာစစ်ကောင်စီ၊ CNF အပါအဝင် PDA စတဲ့ ဘယ်လို အဖွဲ့အစည်းမဆို ပေးအပ်မှာ မဟုတ်ဘဲ တားမြစ်ထားတဲ့ကြားမှ ကျူးကျော်ဝင်ရောက်လာရင် ICNCC/CB နဲ့ လက်တွက်ပြီး တိုက်ထုတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ZFU/PDF/Zoland အနေနဲ့ ဇိုမီးတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောင့်ယှက်ဖို့ အာဏာရှင်ဆန်ဆန် ကြိုးပမ်းလာတဲ့ ဘယ်အဖွဲ့အစည်းကို မဆို လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မှာ မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို တော်လှန်ရေး အင်အားစုအချင်းချင်းအကြားမှာလည်း နယ်မြေအငြင်းပွားမှုတွေကြောင့် တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment