အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ် – ဧရာဝတီတိုင်းဒေသကြီး နယ်စပ်ဒေသအချို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ စခန်းတွေဖြစ်တဲ့ ရက္ခိုင်ရိုးမတောင်းတန်းမှ မိုးထိတောင်၊ ဧရာဝတီတိုင်းမှ ပွိုင့် ၂၆၃ နဲ့ ပွိုင့် ၃၆၉ စခန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ၅ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့သလို ဧရာဝတီ-ရက္ခိုင်နယ်စပ်ရှိ ပွိုင့် ၃၆၉ စခန်းကို ဇန်နဝါရီ ၂၁ ရက်၊ ပွိင့် ၂၆၃ စခန်းကို ဇန်နဝါရီလ ၂၆ ရက်မှာ သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ AA ဟာ ရခိုင်ပြည်အတွင်း ကျန်ရှိနေတဲ့ မြို့နယ် ၃ မြို့နယ် သိမ်းပိုက်နိုင်ရေးထက် ရခိုင်နယ်စပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ပိုမို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်တွေဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တွေကနေ လက်နက်ကြီး ပစ်တာတွေ ရှိသေးတယ်၊ အခုက ဘာအသံမှတော့ မကြားရတော့ဘူး။ ငြိမ်နေတယ်” လို့ ပြောပါတယ်။
အလားတူ မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းမပေါ်တွင် ဇန်နဝါရီလ ၂၇ ရက်က စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄) တပ်ရင်း ပူးပေါင်းစစ်ကြောင်း နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရက္ခိုင်ရိုးမရှိ မြန်မာစစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး မြန်မာစစ်ကောင်စီဖက်ကလည်း ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေ၊ တရုတ်အကျိုးစီးပွားရှိရာ ကျောက်ဖြူ နဲ့ မာန်အောင်တို့ကို မြန်မာစစ်ကောင်စီက ထိန်းချုပ်ထားပြီး AA ထိန်းချုပ်ထားသော မြို့နယ်တွေကို မြန်မာစစ်ကောင်စီက မကြာခဏ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။