ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရေး နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်မှုမှန်သမျှ အဆုံးသတ်ရေး တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ခဲ့သည်။
မတ်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ လက်တွဲပြီး အဆုံးတိုင် တိုက်ပွဲတင်သွားမယ်လို့ ဆိုပါတယ်။
CNF နဲ့ ဒေသန္တာရကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ်၊ နှစ်လတာအတွင်း စစ်ကောင်စီရဲ့ စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ ၃၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ဒါ့အပြင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
CNF ဟာ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြင့်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ အကျဉ်းသား ၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ CNF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။