ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို မတ်လ ၁၆ ရက် ညနေ ၅ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀ ဗုံး ၄ လုံး၊ စက်သေနတ်တွေနဲ့ လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်တာကြောင့် သံဃာတော် အပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပရိယတ္တိစာသင်တိုက်အတွင်းရှိသော ရဟန်း ၂ ပါး၊ သာမဏေ ၄ ပါး၊ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၉ ဦး ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် သံဃာတော် ၁၃ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် နဲ့ ကျောင်းဆောင်အများအပြားလည်း ဗုံးကြောင့် ထိမှန်ပျက်စီးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့တာကြောင်း TNLA တပ်သား ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ TNLA က ဖေဖော်ဝါရီ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာလည်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ TNLA ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။


