ဗန်းမောက်အနောက်ပိုင်းဒေသ ကြောင်လည်ကျေးရွာ နဲ့ ပင်းခါးကျေးရွာက ကျေးရွာသူ/ရွာသား ၇၀၀ ကျော်ကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖမ်းဆီးပြီး အခြားဒေသသို့ ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက်က ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ ကြောင်လည်၊ ပင်းခါးကျေးရွာတွေကို KIA/PDF က ဝင်ရောက်ခဲ့ပြီး ရွာသူ/ရွာသားတွေအပြင် သံဃာတော်တွေပါ ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
“ကြောင်လည်ရွာသားတွေရော၊ ပင်းခါးရွာသားတွေရော ကလေး၊ လူကြီး၊ ဆရာတော်ပါ မကျန် အကုန်လုံး သူတို့ (KIA/PDF) ပင်လည်ဘူးအစပ် မာန်လူ၊ စာခမ်းဖက်ကို ခေါ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်အထိ ဗန်းမောက်အနောက်ပိုင်း ကြောင်လည်၊ ပင်းခါးမှာ SNA နဲ့ KIA/PDF တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဗန်းမောက်မြို့အနီးရှိ ကျေးရွာအချို့ကိုလည်း KIA/PDF တွေက ဇန်နဝါရီလကုန်ပိုင်းမှာ ရွေ့ပြောင်းခိုင်းနေတယ်လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဗန်းမောက်မြို့နားက ရွာတွေကိုလည်း သူတို့က (KIA/PDF) ရွေ့ခိုင်းတယ်၊ ၂၇၊ ၂၈၊ ၂၉ အဲဒီရက်တွေမှာ ရွေ့ခိုင်းနေတယ်။ နားယကာတို့ စက်တောတို့ ပေကုန်းတို့ အဲဒါတွေလည်း ရွေ့ဖို့ လုပ်နေတယ်။ အခု နားယောရွာဆိုရင်လည်း ရွေ့ခိုင်းတယ် သူတို့ ဒါပေမဲ့ ရှင်ပြုပွဲရှိလို့ သူတို့ KIA/PDFကို တောင်းပန်ထားတဲ့ အခြေအနေဖြစ်နေတယ်” လို့ ပြောပါတယ်။
KIA/PDF တွေက ဗန်းမောက်မြို့ကို ကုန်ပစ္စည်းတွေနဲ့ ခရီးသွားတွေကို ဝင်ရောက်ခွင့် ကန့်သတ်ထားပြီး ပါယရွာ နဲ့ ခေါင်ကိုင်ရွာ လမ်းခွဲအနီး တားဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်ကလည်း မကျည်းကုန်း ကျေးရွာသူ/ကျေးရွာသားတွေကို KIA/PDF တွေက ဖမ်းဆီးခေါ်ဆောင်ပြီး အခြားဒေသသို့ ပို့ဆောင်မှုတွေလည်း ရှိခဲ့ပါတယ်။
SNA လှုပ်ရှားဒေသအတွင်း KIA/PDF တို့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသလို ဗန်းမောက်မြို့သိမ်း တိုက်ပွဲဖော်ဆောင်ဖို့ KIA/PDF တွေက စစ်အင်အားဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။