Home ငြိမ်းချမ်းရေး လူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ TNLA နဲ့ MNDAA ကို တအာင်းအဖွဲ့တွေ ပြော

လူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ TNLA နဲ့ MNDAA ကို တအာင်းအဖွဲ့တွေ ပြော

by Homeland Author

တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့ အောက်ခြေ တပ်ဖွဲ့ဝင်တွေကြား နှစ်ဖက် တင်းမာမှုတွေကြောင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ တအာင်းအရပ်ဘက် အဖွဲ့အစည်း (၆) ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို TNLA တပ်ဘက်က လိုက်လံဖြုတ်သိမ်းရာမှ နှစ်ဖက်တပ်ဖွဲ့ကြား စကားအခြေအတင်ဖြစ်ကာ ထိုးကြိတ်ရန်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

TNLA နဲ့ MNDAA တို့ နှစ်ဖက်တပ်ရဲ့ နောက်ဆက်တွဲပြဿနာကြောင့် လူထုကို ပစ်မှတ်ထား ရိုက်နှက်တာ၊ ဖမ်းဆီးတာ၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်တာ၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တားဆီးတာ စတဲ့ လူထုအား ပစ်မှတ်ထား လက်စားချေမှုနဲ့ ရန်လိုမှုတွေကို ပြုလုပ်နေကြကြောင်းကိုလည်း တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

အွန်လိုင်းပေါ်မှာလည်း မဟုတ်မမှန် ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အမုန်းစကားတွေဖြန့်ဝေနေတာဟာ လူထုအပေါ် အကြမ်းဖက်မှုတွေဖြစ်စေပြီး လူမျိုးရေးပဋိပက္ခအသွင်ဆောင်တဲ့ ပြဿနာဖန်တီးနေတာဖြစ်တယ်လို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ဆိုပါတယ်။

မဟာမိတ်တပ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA တို့ တပ်ဖွဲ့နှစ်ဖွဲ့အနေ့ဖြင့် ပြည်သူလူထုကို ဦးတည်တဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့ နဲ့ အငြင်းပွားမှုတွေကို ဆွေးနွေးညှိနှိုင်းမှုလမ်းစဉ်ဖြင့် အမြန်ဆုံး ပြေလည်မှုရယူဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

TNLA နဲ့ MNDAA တို့ဟာ ပြည်သူလူထုကို ကာကွယ်ဖို့ လက်နက်ကိုင်လမ်းစဉ်ဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်သည့်အားလျော်စွာ အခုဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြည်သူလူထုအပေါ် ပုံချကာ ရန်လိုတာ၊ ဖမ်းဆီးရိုက်နှက်တာ၊ သွားလာခွင့်ပိတ်ပင်တာ၊ ကုန်စည်သယ်ယူခွင့် တားဆီးတာနဲ့ လူထုကို အကြမ်းဖက်တာတွေ မပြုလုပ်ဖို့ တောင်းဆိုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment