တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) မှ အမျိုးသမီးခေါင်းဆောင်အပါအဝင် လူ ၁၅၀ ကျော်ကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။
ဒီနေ့ ဇူလိုင် ၃ ရက်မှာကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC) မှ ဒုဥက္ကဋ္ဌ နော်ကပေါ်ထူး နဲ့ ပညာရေးဝန်ကြီးဌာနက ဒေါက်တာဒေါ်ပို ပါမောက္ခ/ ဌာနမှူး (ငြိမ်း) စုစုပေါင်း ၃ ယောက်ကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ထားပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်၊ သေဆုံးသွားပြီဖြစ်တဲ့ အဆိုတော် ဒေါ် လီလီနိုင်ကျော် အပါအဝင် အမျိုးသမီး ၆၅ ဦးကို စစ်ကောင်စီက ရဲဗလတံဆိပ် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကယ်ဒမီရ သရုပ်ဆောင်တွေဖြစ်တဲ့ ဆွေဇင်ထိုက်၊ စိုးမြတ်သူဇာနဲ့ မေသဥ္ဇာဦးတို့ကိုလည်း စစ်ကောင်စီက လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ချီးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
နယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်အောင် ဆောင်ရွက်ခဲ့တယ်ဆိုပြီး ဝဏ္ဏကျော်ထင်ဘွဲ့ ရသူ အမျိုးသမီး ၃ ဦး အပါအဝင် စုစုပေါင်း ၁၅၁ ဦးကို စစ်ဘက်နဲ့ အရပ်ဘက် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာရယူပြီးနောက်ပိုင်း ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ALP ပါတီ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ KNU/KNLA/PC မှ ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူး တို့က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးဖိုရမ်ကို ဒေါ်စောမြရာဇာလင်းလည်း တက်ရောက်ခဲ့ပါတယ်။
ဒေါ်စောမြရာဇာလင်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီက စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ‘ ဇေယျကျော်သူ ’ ဘွဲ့ကိုလည်း ချီးမြှင့်ခဲ့ပါတယ်။



