Home ငြိမ်းချမ်းရေး နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ RCSS တက်ရောက်ခြင်းမရှိ

နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ RCSS တက်ရောက်ခြင်းမရှိ

by Homeland Author

နေပြည်တော်မှ မနေ့က မတ်လ ၂၄ ရက်က စတင်ပြီး ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တက်ရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်ပြီး ကျင်းပတဲ့ Peace Talk 2025 ကို အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ပညာရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေမှ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေဖို့၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ခြင်းကသာလျှင် ရေရှည်တည်တံ့မှာဖြစ်ကြောင်းကို လူထုအကြား အသိမြင်တိုးမြှင့်လာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာလို့ NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းပဋိပက္ခတွေ အမြန်ဆုံး လျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးတွေ ပိုမိုကောင်းမွန် တိုးတက်လာနိုင်စေမယ့် ရေတို-ရေရှည်လုပ်ငန်းစဉ်တွေ ဖော်ထုတ်နိုင်ဖို့ စသဖြင့် ပြောကြားခဲ့ပါတယ်။

NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က ဦးဆောင်ပြီး နိုင်ငံရေး၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကဏ္ဍတွေကို မတ်လ ၂၄ ရက်ကနေ မတ်လ ၂၆ ရက်နေ့အထိ သုံးရက်တာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကို ဖိတ်ကြားခဲ့ပေမယ့် RCSS က ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိတာကို တွေ့ရပါတယ်။

related posts

Leave a Comment