တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ – 7 EAO Alliance မှ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပါ်လာစေရေး ကြိုးပမ်းနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ 7 EAO Alliance ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပြီး သဘာပတိ (၁) အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ သဘာပတိ (၂) အဖြစ် ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းတို့က ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အစည်းအဝေးကို ဦးဆောင်အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ လုပ်ငန်းကော်မတီအသီးသီးတို့ရဲ့ Coordinator တွေ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ အစည်းအဝေးမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး နဲ့ ပြည်သူလူထုမှ နေ့စဥ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုဒုက္ခမျိုးစုံကို သုံးသပ်ခဲ့ကြပြီး လက်ငင်းနိုင်ငံရေးအကြပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပါ်လာစေရေး၊ ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး၊ EAO တွေအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဥ်ကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
7 EAO Alliance ကို အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။