စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်၊ ပင်းခါးကျေးရွာတွေကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ပြန်လည်ထိန်းချုပ်လိုက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF တွေက ပြန်ဆုတ်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်က SNA ထိန်းချုပ်နယ်မြေကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၅ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ညနေ ၆ နာရီဝန်းကျင်မှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြန်ဆုတ်ခွာသွားတာလို့ သိရပါတယ်။
“ကြောင်လည်၊ ပင်းခါးကို SNA က ပြန်ထိန်းချုပ်လိုက်တယ်။ သူတို့ (KIA/PDF) တွေက ပြန်ဆုတ်ချိန် နေအိမ်အချို့ကို မီးရှို့သွားတာ ရှိတယ်” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
SNA ထိန်းချုပ်ဒေသကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ ကြောင်လည်၊ ပင်းခါးကျေးရွာသား ၇၀၀ ဝန်းကျင်ခန့်ကို အခြားဒေသသို့ ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။
အဆိုပါ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေနဲ့ ရဟန်းတော်တွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းအပေါ် ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၃ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
SNA လှုပ်ရှားဒေသအတွင်း KIA/PDF တို့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသလို ဗန်းမောက်မြို့သိမ်း တိုက်ပွဲဖော်ဆောင်ဖို့ KIA/PDF တွေက စစ်အင်အားဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။