လက်နက်ကိုင် ပဋိပက္ခတွေ နဲ့ ပေါက်ကွဲမှုဘေးအန္တရာယ်တွေကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းမှုဒဏ်ကို ခံစားခဲ့ရသူ နှစ်ထောင်နီးပါးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဘေးမှ အသက်ရှင်လွတ်မြောက်လာသူ ၁၈၉၂ ဦးအပါအဝင် မသန်စွမ်းသူပေါင်း ငါးထောင်နီးပါးကို ကိုယ်ကာယပြန်လည်သန်စွမ်းရေးဆိုင်ရာ အကူအညီပံ့ပိုးပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ICRC ရဲ့ ၂၀၂၅ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ အစီရင်ခံစာအရ သိရပါတယ်။
ပေါက်ကွဲမှုတစ်ခုကြောင့် ခြေထောက် ဆုံးရှုံးခဲ့ရပြီးနောက် ICRC ရဲ့ အကူအညီဖြင့် ခြေတုတပ်ဆင်ခွင့် ရရှိခဲ့သူ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မှ ဒရီတူးအောင်ဆန့် က “ခြေတုရတော့ မျှော်လင့်ချက်လည်း ရှိလာပါတယ်။ သုံးဘီးလည်း ပြန်မောင်းလို့ရတော့ သုံးဘီးမောင်းတဲ့လုပ်ငန်းကို ပြန်လုပ်ပါမယ်။ ဆိုင်ကယ်ပြင်သင်တန်းတက်ပြီး ကိုယ်ပိုင်ဆိုင်ကယ်ပြင်ဆိုင်လေး ဖွင့်ဖို့လည်း စိတ်ကူးမိပါတယ်” လို့ ပြောပါတယ်။
မသန်စွမ်းသူများအတွက် ခြေတု၊ လက်တု နဲ့ အားပြုကိရိယာ ၂,၃၀၀ ကျော်ကို ထုတ်လုပ်ပေးအပ်ခဲ့ပြီး ဝေးလံတဲ့ ဒေသတွေမှ မသန်စွမ်းသူ ၇၀၀ နီးပါးကိုလည်း နေရပ်အရောက် ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ICRC ဟာ မသန်စွမ်းသူတွေ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လူပေါင်း ၅၀၀ နီးပါးကို လိုက်လျောညီထွေ ပြုပြင်ထားတဲ့ အားကစား၊ ပညာသင်စရိတ် ပံ့ပိုးမှု နဲ့ အသေးစားစီးပွားရေး လုပ်ငန်း ပံ့ပိုးမှုတွေ အပါအဝင် အထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မြစ်ကြီးနား နဲ့ ဘားအံ့ရှိ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနရှိ ဝန်ဆောင်မှုအသုံးပြုသူ ၁၃၀၀ နီးပါးဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမျုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘားအံ့ရှိ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှင့် စိတ်လူမှုရေးပိုင်းပံ့ပိုးမှုဆိုင်ရာ ပညာရှင်တွေရဲ့ ကျွမ်းကျင်မှုတွေ ပိုမိုအားကောင်းလာစေဖို့အတွက် ပညာရပ်ပိုင်းဆိုင်ရာ ကြီးကြပ်မှုပေါင်း ၃၈ ကြိမ် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ICRCရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ICRC အနေဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရေး အကျဉ်းထောင်တွေမှ လွတ်မြောက်လာသူ ၆၇၀၀ ဦးကို ၎င်းတို့ရဲ့ နေအိမ်သို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်စေဖို့ ICRC က ပံ့ပိုးကူညီခဲ့သလို မိသားစုသတင်းတွေ ပါဝင်တဲ့ ကြက်ခြေနီအကြောင်းကြားစာ ၄၄၀၀ စောင်ကို ကွဲကွာနေတဲ့ မိသားစုဝင်တွေအကြား အပြန်အလှန်ပေးပို့ ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆောက်အအုံ ၃၀ လုံးကို အရေးကြီးတဲ့ ဆေးပစ္စည်းတွေ နဲ့ ဆေးဝါးတွေ ပံ့ပိုးပေးခဲ့ပြီး ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်း ၁၈၉ ဦးဟာ စွမ်းရည်မြှင့်တင်ခြင်း နဲ့ နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေအားဖြင့် ၎င်းတို့ရဲ့ အရေးပေါ် တုံ့ပြန်နိုင်စွမ်းတွေ ပိုမိုမြင့်မားစေဖို့ ICRC က ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ လူပေါင်း ၁၃၀၀၀ ကျော်ဟာ ICRC ရဲ့ ပံ့ပိုးကူညီခဲ့တဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေအားဖြင့် အရေးပေါ် ပြုစုစောင့်ရှောက်မှုတွေ လက်ခံရရှိခဲ့ကြောင်း၊ ပဋိပက္ခဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၁၆၀၀ ကျော်ဟာ ၎င်းတို့ရဲ့ ဆေးကုသမှုသီးသန့်အတွက် အထောက်အပံ့ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာကမ္ဘာတစ်ဝှမ်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေအကြောင်း မှတ်တမ်းတင်နေတဲ့ Landmine Monitor ရဲ့ ထုတ်ချက်ချက်အရ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာခဲ့တယ်လို့ သိရပါတယ်။


