စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ နာမကျန်းဖြစ်နေတဲ့ တိုက်ပွဲရှောင်ပြည်သူတွေကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ မှ ဆေးကုသမှု ပေးခဲ့တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့ကို စက်တင်ဘာလ- ၁၅ ရက်နေ့က KIA ဦးဆောင်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ ကတူး PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်ချီနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေဟာ ဗန်းမောက်မြို့နယ်အနောက်ဘက်သို့ တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
ဒါကြောင့် မံပင်ကျေးရွာအတွင်းကို ရှောက်ရှိလာတဲ့ တိုက်ပွဲရှောင်ပြည်သူတွေအနက် ဖျားနာသူ ၄၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦး ရှိနေပြီး SNA တပ်ဖွဲ့ဝင်တွေမှာ ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်၍ ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။
KIA / ကတူး PDF တို့ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသား တဦး နဲ့ အမျိုးသမီး တဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားဖြစ်သူမှာ ရင်ဘတ်၊ မျက်လုံးတို့ ထိခိုက်ခဲ့သလို အမျိုးသမီးဖြစ်သူမှာ ခြေထောက်တို့တွင် ထိိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
SNA ထိန်းချုပ်ထားတဲ့ အနောက်ခြမ်းသို့ ရောက်ရှိလာတဲ့ တိုက်ပွဲရှောင်အများစုဟာ သက်ကြီးရွယ်အို၊ အမျိုးသမီး နဲ့ ကလေးသူငယ်တွေ အများစု ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဗန်းမောက်မြို့နယ်အတွင်းရှိ ဒေသအချို့မှာ SNA နဲ့ KIA/ ကတူး PDF တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။


