အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်ပူပန်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုပါတယ်။
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးမှုကြောင့် သိရှိရတဲ့အတွက် NUG အနေဖြင့် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိတယ်လို့ ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အထူးလိုအပ်လျက်ရှိတဲ့ ထိရောက်စွာ ဆေးကုသခွင့်မပေးခြင်းဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းဖြစ်ပြီး အဆိုပါ ကိစ္စအတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးကို စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာပြည်သူလူထုရဲ့ လိုလားချက်ဖြစ်တဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက် စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေ အဆောတလျင် ဆောင်ရွက်ကြဖို့ NUG က တိုက်တွန်းထားပါတယ်။
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါအခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက စက်တင်ဘာ ၅ ရက်မှာ လူမှုကွန်ရက်ကနေ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးသတင်းတွေ ထွက်ပေါ်လာခြင်းဟာ အဆိုပါ ခရီးစဉ်ကို မှေးမိန်စေချင်လို့ လုပ်တဲ့လုပ်ရပ်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောကြားထားပါတယ်။