စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ပင်ခုတ်ဒေသမှာ ဒီကနေ့ မတ်လ ၂၈ ရက်၊ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်လို့ သစ်ပင်ပိပြီး အမျိုးသားတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ညနေ ၄ နာရီလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
“ညနေက ဟုမ္မလင်းမြို့နယ်မှာ လေပြင်းတိုက်တာ လူတစ်ဦး သစ်ပင်ပိ သေဆုံးခဲ့တယ်။ သေဆုံးသူက ပင်ခုတ်နယ်ထဲကလို့ သိရတယ်ဗျ” လို့ အခြေအနေသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လေပြင်းတိုက်ပြီး သစ်ပင်ပိတဲ့ဒဏ်ကြောင့် အဲဒီအမျိုးသားဟာ ဦးခေါင်းကွဲအက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသလို သူစီးလာတဲ့ ဆိုင်ကယ်လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့တုန်းကလည်း ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်အထက်ပိုင်းက မောင်းခမ်းရွာမှာ လေပြင်းတိုက်ခဲ့လို့ “ခမ်းရွှေစင်စာကြည့်တိုက်” အဆောက်အအုံနဲ့ ရွာထဲက အိမ်တချို့ ပျက်စီးခဲ့ပါသေးတယ်။