စစ်တပ်ကို မြန်မာ့နိုင်ငံရေးမှ အပြီးတိုင် ထွက်ခွာသွားစေဖို့ နိုင်ငံတကာအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ စုစည်းညီညွတ်စွာ ဆက်လက်တော်လှန်သွားကြဖို့ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN) က အောက်တိုဘာ ၁၃ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အိန္ဒိယဈေးကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး GSCN ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်ရှိ အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်မှုမှာ လူ ၅၀ ဦး သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
GSCN အနေနဲ့ ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေအပါအဝင် အခြားစစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN)
အထူးသဖြင့် လူနေထူထပ်ရာနေရာတွေနဲ့ အရပ်သားတွေ နေထိုင်ရာဒေသတွေအပေါ် တိုက်ခိုက်မှုတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ လုံခြုံရေးနဲ့ လူ့ဂုဏ်သိက္ခာကို တိုက်ရိုက်ခြိမ်းခြောက်နေပြီး ရခိုင်ပြည်သူတွေအပါအဝင် ပဋိပက္ခဒဏ်ခံစားနေရသူတွေအပေါ် လူသားချင်းစာနာမှုဆိုင်ရာ ဆိုးကျိုးတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးနဲ့ စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုတွေ ဖြတ်တောက်ဖို့၊ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့နဲ့ စစ်လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီတွေ မရောင်းချဖို့ GSCN က တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ နည်းလမ်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်တာတွေကို ချက်ချင်းရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။
နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့နဲ့ မြန်မာစစ်တပ်ကို မြန်မာ့နိုင်ငံရေးမှ အပြီးတိုင် ထွက်ခွာသွားစေဖို့ နိုင်ငံတကာအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ စုစည်းညီညွတ်စွာ ဆက်လက်တော်လှန်သွားကြဖို့ GSCN က တိုက်တွန်းထားပါတယ်။