စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် စက်တောဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကတူးစစ်ရှောင်တွေကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က စားနပ်ရိက္ခာ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းမှာ SNA တပ်မဟာ ၆၁၄ တာဝန်ရှိသူတွေက စက်တောဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ကတူးစစ်ဘေးရှောင်တွေကို သွားရောက်၍ ဆန်၊ ဆီ၊ ဆား နဲ့ စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
SNA မှ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက “စက်တောက ကတူးဘုန်းတော်ကြီးတောင်မှ သူတို့ ကတူးစစ်ရှောင်တွေအတွက် ဘယ်အဖွဲ့အစည်းကမှ လာမကူကြဘူး။ ရှမ်းနီအဖွဲ့ကပဲ လာကူတယ်ဆိုပြီး မျက်ရည်တွေ ကျနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ- ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ KaDu Army တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်ချီနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းတွေကို အသီးသီး တိမ်းရှောင်နေကြရပါတယ်။

စက်တောဘုန်းတော်ကြီးကျောင်းမှာ ကတူးစစ်ရှောင်တွေကို SNA မှ စားနပ်ရိက္ခာထောက်ပံ့
ဗန်းမောက်မြို့အနောက်ခြမ်း SNA ထိန်းချုပ်ဒေသသို့ ရောက်ရှိလာကြတဲ့ ကတူးစစ်ဘေးရှောင်တွေကို ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ စားနပ်ရိက္ခာတွေကို SNA၊ ဗန်းမောက်မြို့ စစ်ရှောင်ကော်မတီ နဲ့ ဆီလုပ်ငန်းရှင်များအသင်း – ရွှေတော်က တာဝန်ယူကူညီနေပြီး ခြံထွက်သီးနှံ နဲ့ ဟင်းစိမ်းတွေကိုတော့ ဒေသခံရှမ်းနီပြည်သူတို့က တာဝန်ယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အလားတူ အဆိုပါ ကတူးစစ်ဘေးရှောင်တွေကို ရှမ်းနီအမျိုးသားများတပ်မတော် – SNA တပ်မဟာ ၆၁၄ က ကျန်းမာရေး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပိတ်ထားသလို ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း အင်တာနက်တွေ နဲ့ ကုန်စည်ကူးသန်းခွင့်တွေကို စက်တင်ဘာ ၁၅ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
SNA ထိန်းချုပ်ဒေသသို့ ရောက်ရှိလာတဲ့ တိုက်ပွဲရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်းတွေ အကူအညီပေးနေပေမယ့် စစ်ရှောင်လူဦးရေတိုးများလာတဲ့အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။