စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့ အနောက်ခြမ်းရှိ ခိုပြင်၊ ညောင်သာယာကျေးရွာမှ ကတူးတိုင်းရင်းသား စစ်ရှောင်တွေကို ရှမ်းနီအမျိုးသားများ တပ်မတော် – SNA တပ်မဟာ ၆၁၄၊ ရှမ်းနီလူထု နဲ့ ဆီလုပ်ငန်းရှင်တို့ ပူးပေါင်း၍ စားနပ်ရိက္ခတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဟုမ္မလင်းမြို့၊ မြို့မကျောင်းဆရာတော်ဘုရားမှ ဦးစီး၍ ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တွေနဲ့ စစ်ရှောင်တွေကို ဆန် ၁၀၀ အိတ်၊ သွားတိုက်ဆေး ၃ ဖာ၊ မုန့်ကြွပ် ၁၃ ဖာ၊ Royal-D ၁၀ ဖာ၊ ပင်မှည့် ၂၀ ဖာ၊ ရှူးရှဲ ၂၀ ဖာ၊ ရွှေပုဇွန်ငါးပိ ၂၀ ဖာ၊ ဝါးလားလား ၃ ဖာ၊ မားမားချဉ်စပ်ကြီး ၃ ဖာ၊ လက်ဖက်ရည်/ကော်ဖီ ၃၀ ပါကင်၊ ရွှေပန်းပွင့် ၅ ပါကင်၊ သွားတိုက်တံ ၁ ပါကင်၊ ငါးပိထောင်း ၁ အိတ် နဲ့ ငါးဘူး ၁ ဖာတို့ကို ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ- ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို ကချင်လက်နက်ကိုင်ဖွဲ့ (KIA) ဦးဆောင်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ ကတူး PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်ချီနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေဟာ ဗန်းမောက်မြို့နယ်အနောက်ဘက်သို့ တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
အထားတူ ခိုပြင်၊ ညောင်သာယာကျေးရွာတွေအထိ တိုက်ပွဲတွေ ဖြစ်ပွားလာပြီး ဒေသခံ ကတူးတိုင်းရင်းသားတွေဟာ SNA ထိန်းချုပ်ဒေသ အနောက်ခြမ်းသို့ သွားရောက်၍ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒါကြောင့် အဆိုပါ စစ်ရှောင်တွေကို SNA၊ ရှမ်းနီလူထု နဲ့ ဆီလုပ်ငန်းရှင်တွေက ပူးပေါင်း၍ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေသလို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း SNA မှ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။








