စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်နဲ့ ဆည်အနီးရှိ အင်တိုင်းကျေးရွာကို စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ကို မတ်လ ၂၈ ရက်နေ့မှာ စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို ဆည်အနောက်ဘက်မှာရှိတဲ့ အင်တိုင်းကျေးရွာကိုလည်း ဧပြီ ၆ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အခုလအတွင်း စစ်တပ်က ပြန်သိမ်းလိုက်တဲ့ အင်တိုင်းရွာဟာ သဖန်းဆိပ်ဆည်နဲ့ ၁ မိုင်ဝန်းကျင် အကွာအဝေးသာ ရှိတယ်လို့ သိရပါတယ်။
ကန့်ဘလူခရိုင်ထဲမှာ စစ်ရေးအရ အရေးပါတဲ့ သဖန်းဆိပ်ဆည်ကို လက်လွှတ်ရပြီးတဲ့နောက် ထပ်မံလက်လွှတ်ရတဲ့ နောက်ထပ်တပ်စခန်းတစ်ခုဖြစ်တယ်လို့ Infinity Group က ဆိုပါတယ်။
စစ်တပ်ဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းမှာ စစ်ရေးချိန်ခွင်အသာနဲ့ နယ်မြေစိုးမိုးမှု ပြန်ရလာချိန်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသုံးလုံးဒေသဖြစ်တဲ့ ကောလင်း၊ ကသာ၊ ကန့်ဘလူခရိုင်ထဲက စစ်စခန်းတွေ ပြန်လည်ရရှိဖို့ ကြိုးပမ်းလာတာဖြစ်ပြီး ကန့်ဘလူခရိုင်ထဲက အရေးပါတဲ့နေရာတချို့ကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်လွှတ်လာရတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
သဖန်းဆိပ်ဆည်ကတော့ ကသာခရိုင်၊ ဗန်းမောက်မြို့အနောက်တောင်ခြမ်းကနေ စီးဆင်းလာတဲ့ မူးမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ အင်တိုင်းရွာကို ပြန်လည်အထိုင်ချ တပ်စွဲနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း Infinity Group က ဆိုပါတယ်။